ဘတ်ဂျက် ကျပ်သန်းတစ်ထောင်ကို တင်ဒါမခေါ်ပဲ လုပ်ပိုင်ခွင့်ပေးသည့်အပေါ် စိစစ်ပေးဖို့ မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူများ တောင်းဆို

ဘတ်ဂျက် ကျပ်သန်းတစ်ထောင်ကို တင်ဒါမခေါ်ပဲ လုပ်ပိုင်ခွင့်ပေးသည့်အပေါ် စိစစ်ပေးဖို့ မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူများ တောင်းဆို

ဘတ်ဂျက် ကျပ်သန်းတစ်ထောင် သုံးစွဲထားသည့် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ပြည်နယ်အစိုးရမှ တင်ဒါမခေါ်ပဲ ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးအပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်မှ ပွင့်လင်းမြင်သာစွာ စိစစ်ပေးရန် မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူများမှ သဘောထားထုတ်ပြန်ခဲ့သည်။

ယင်းသဘောထားထုတ်ပြန်ချက်ကို မေလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တင်ဒါမခေါ်ပဲ ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးအပ်ခဲ့ခြင်းနှင့်ပတ်သက်၍ လွှတ်တော်နှင့် အများပြည်သူအကြားတွင်အချေအတင်ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းမရှိခဲ့သည့်အတွက်ကြောင့် ပြည်သူများနားမလည်နိုင်ဖြစ်ရကြောင်း၊ ပြည်နယ်လွှတ်တော်နှင့်ပြည်နယ်အစိုးရမှလည်း ပြည်သူများအား ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း နှင့် ပြည်ထောင်စုအဆင့်အစိုးရမှလည်း ပွင့်လင်းမြင်သာစွာ စိစစ်စုံးစမ်းသင့်ပါကြောင်း တိုက်တွန်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၏ အောင်သပြေ-နှစ်ကရင်လမ်း ဆောင်ရွက်ထားမှု အခြေအနေနှင့် စပ်လျဉ်း၍ Southern Myanmar Development Co . Ltd အား လုပ်ပိုင်ခွင့်ပေးအပ်ခဲ့ရာတွင် တင်ဒါ ခေါ်ယူခြင်း ရှိ/မရှိကို မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ တင်ဒါမခေါ်ဘဲ ကုမ္ပဏီအား လုပ်ပိုင်းခွင့်ပေးအပ်ခဲ့ခြင်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်မိန့်ကြောင့် ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည့်အတွက် လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးခဲ့ကြရပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း မရှိပေ။

ယင်းကိစ္စကို ဖုံးကွယ်၍အချိန်ဆွဲထားခြင်းသည် ပြည်နယ်လွှတ်တော်နှင့်အစိုးရအကြား ပွတ်တိုက်မှုပြင်းထန်ပြီး အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားမှာကို စိုးရိမ်၍ သဘောထားမှတ်ချက်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူများတွင် ပါဝင်သူ နိုင်လယီတမက ပြောသည်။

“ အမေးနဲ့အဖြေပဲ ပြီးသွားတယ်။ ရှေ့ဆက်ဘယ်လိုကိုင်တွယ်မလဲဆိုတာ ပြည်သူကြားမှာ နားမလည်နိုင်ဖြစ်နေတယ်။ ပြည်သူတွေက သိချင်တဲ့ဆန္ဒတွေရှိနေတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ် “ ဟု မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူများတွင် ပါဝင်သူ နိုင်လယီတမက ပြောသည်။

ယင်းလမ်းပိုင်းတည်ဆောက်ရေးကိစ္စသည် မေးခွန်းနှင့်အဖြေ အနေနှင့်သာပြီးသွားပြီး ပြည်နယ်အစိုးရနှင်ပြည်နယ်လွှတ်တော်တို့မှ တစ်စုံတစ်ရာ ရှင်းလင်းချက်မပေးပဲ အချိန်ဆွဲထားခြင်းဖြင့် ပြသနာပိုမိုကြီးထွားလာနိုင်သည်ဟု မွန်ညီညွှတ်ရေးပါတီတည်ထောင်သူများတွင်ပါဝင်သူ နိုင်စံတင်က ပြောသည်။

“ ပြည်သူလူထုက အားလုံးသိချင်နေကြတယ်။ ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကို ရှင်းပြစေချင်တယ်။ ဒါကို ဒီမိုကရေစီလမ်းကြောင်းအရ ပြန်လည်စီစစ်ပေးဖို့ ဖြေရှင်းပေးဖို့ တိုက်တွန်းတာပါ “ ဟု ၎င်းက ဆိုသည်။

ယင်းသဘောထားထုတ်ပြန်ချက်ကို မွန်ညီညွှတ်ရေးပါတီ တည်ထောင်သူ (၁၈)ဦး၏ အများသဘောတူ ဆုံးဖြတ်ချက်ဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...