မွန်ပြည်နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လအတွင်းပြုလုပ်မည်

မွန်ပြည်နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လအတွင်းပြုလုပ်မည်

မွန်ပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးစီးကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လာမည့်ဇွန်လ ဒုတိယအပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မေလ ၂၀ရက်နေ့တွင် မွန်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်ခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲအတွက် ကုလသမ္မဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှထောက်ပံံ့ပေးခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ဝင်တစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အရပ်ဘက်အဖွဲ့အစည်းမှတစ်ဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပညာရှင်နှစ်ဦးတို့ဖြင့် ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဂတိနဲ့ပတ်သက်ပြီး တိတိကျကျလေးဆွေးနွေးလိုက်တဲ့အခါ တော်တော်များများ သိသွားကြတာပေါ့ မသိတဲ့သူတွေက ကိုယ်ကလုပ်ပိုင်ခွင့်ရှိနေတယ်လို့ ထင်နေကြတယ် “ ဟု အဂတိတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်များတွင်ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများပါ ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်ရုံးခွဲကို ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့က ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်ရုံးခွဲကို ဗဟိုပြု၍ ဆက်စပ်နေသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတိတိုင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လာမည့်ဇွန်လအတွင်း မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ကို ပူးပေါင်း၍ တစ်ကြိမ်တည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက စတင်ပြဌာန်းခဲ့တာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လေးကြိမ်မြောက်ပြင်ဆင်ခဲ့ပြီး အရင်အစိုးရလက်ထက်မှ ဝန်ကြီးဟောင်း ၊ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးအောင်ကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းချိန်မှစ၍ ယခုအချိန်ထိ တရားစွဲဆိုခဲ့သည့်အမှုပေါင်း ၁၀ မှုအထက်ရှိပြီး ကျပ်သိန်း ၁၅၀၀ လာဘ်စားခဲ့သည် FDA ညွှန်ချုပ်အပါအဝင် တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကိုပါ တရားစွဲဆိုထားပြီး ဖြစ်သည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...