ရေအရင်းအမြစ်များ ရေခန်းခြောက်မှုများကြောင့် မော်လမြိုင်မြို့ရေရှားပါးမှုဒဏ်ခံစားနေရ

ရေအရင်းအမြစ်များ ရေခန်းခြောက်မှုများကြောင့် မော်လမြိုင်မြို့ရေရှားပါးမှုဒဏ်ခံစားနေရ

မော်လမြိုင်မြို့ကို ရေပေးဝေနေသည့် ရေအရင်းအမြစ်(၄)ခုရှိပြီး ရေခန်းခြောက်မှုများကြောင့် ရေမလုံလောက်သဖြင့် ရေရှားပါးမှုဒဏ်ကို မြို့နေလူထုက ခံစားနေကြရသည်။

စည်ပင်သာယာရေးဌာနမှ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေပေးနေသည့်ရေများမှာ အတ္ထရံမြစ်ကန်(၂)ခု ၊ ကင်ပွန်းချုံရေလှောင်ကန်နှင့် ရွှေနတ်တောင်ဆည်တို့မှ ရေကိုသိုလှောင်၍ ဖြန့်ဝေနေခြင်းဖြစ်သည်။

ရာသီဥတုအပူချိန်မြင့်တက်လာသည်နှင့်အမျှ ရေဖြန့်ဝေပေးနေသည့် ပင်မရေအရင်းအမြစ်များဖြစ်သော ရွှေနတ်တောင်ဆည် နှင့် ကင်းပွန်ချုံကန်တို့တွင် ရေခန်းခြောက်မှုများ ကြုံတွေ့နေရသည်။

“ မိုးကလည်းမရွာဘူး အပူချိန်အရမ်းတက်ပြီး ရေငွေ့ပျံနှုန်းကများတော့ တစ်ရက် တစ်ရက်ကို ရေကျနှုန်းက အရမ်းမြန်တယ် “မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အင်ဂျင်နီယာမှူး ဦးတင်ကိုကိုလတ်က ပြောသည်။

သြင်္ကန်ကာလအပြီး နှစ်ဆန်း(၂)ရက်နေ့မှစတင်ကာ ရွှေနတ်တောင်ဆည် ရေဝင်ပေါက်သို့ ရေစီးဆင်းမှုနည်းခဲ့ပြီး ရေဝင်ပေါက်၏အထက် ၆လက်မ ၉လက်မခန့်ထိ ရေဝင်မှသာ စက်ရုံမှစက်မောင်း၍ ရေဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ဆည်ရေဝင်ပေါက်ဆီ ရေစီးဆင်းမှုနည်းသွားတဲ့အတွက် အမြင့်ပိုင်းရပ်ကွက်များထံ ရေဖြန့်ဝေမပေးနိုင်တာလည်း ဖြစ်သည်။

“ရေဂါလံ ၄သောင်းခွဲလောက်ကို ရေကား ၆စီးနဲ့ ရေပြတ်လပ်တဲ့ရပ်ကွက်တွေကို ဖြန့်ဝေပေးနေပါတယ်” ဟု ဦးတင်ကိုကိုလတ်က ဆက်လက်ပြောသည်။

ကင်းပွန်းခြုံရေကန်နှင့်ရွှေနတ်တောင်ဆည်ရေကို အဓိကအားထားနေရသည့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်(၁၀)ခုကျော်မှာ သောက်သုံးရေနှင့်သုံးရေ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း ဒေသခံတွေကပြောသည်။

“ စည်ပင်ကနေရေမလာတော့ အန်တီတို့မှာ ရေတစ်ခေါက်ကို ငါးထောင်ကနေ ရှစ်ထောင်အထိ ပေးဝယ်ပြီး သုံးနေကြရတယ် “ ဟု သီရိမြိုင်ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်မြင့်ခင်က ပြောသည်။

မော်လမြိုင်မြို့သာမက အခြားမြို့နယ်များတွင်ပါ ရေရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်နေရပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် သောက်သုံးရေရှားပါးသည့် ကျေးရွာ (၂၀)ခန့် ရေဖြန့်ဖြူးပေးမည်ဟု မျှော်မှန်းထားပြီး ယခုအချိန်ထိ ကျေးရွာ(၁၀)ရွာကို ရေဖြန့်ဖြူးပေးနေကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

“ရေဝေပေးနေတာကတော့ ရေရှားပါးမှုကိုဖြေရှင်းတဲ့နည်းလမ်းတော့မဟုတ်ဘူး ဒါကရေတိုနည်းနဲ့ဖြေရှင်းထားပေးတာပါ ရေရှည်မှာဆိုရင် မြေသားမိုးရေလှောင်ကန်တွေပြုလုပ်မှအဆင်ပြေမှာပါ “ ဟု ၎င်းကပြောသည်။

မြို့နေလူထု၏ရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အတ္ထရံ(၂)မြစ်ရေတင်ခြင်းလုပ်ငန်းတွင် မြစ်ရေကို ရေသန့်ဖြစ်သည်အထိ သန့်စင်ပြီး တစ်ရက်ကို ရေဂါလံသိန်း(၄၀)ခန့် ဖြန့်ဝေပေးနိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်နေကြောင်း ဦးတင်ကိုကိုလတ်က ပြောသည်။

မော်လမြိုင်မြို့နေလူဦးရေအရ ရေလိုအပ်ချက်မှာ တစ်ရက်ကို ရေဂါလံ (၆၈)သိန်းခန့်ရှိပြီး စည်ပင်သာယာရေးဌာနမှ ရေဖြန့်ဝေပေးနိုင်သည်မှာ ရေဂါလံသိန်း(၄၀)ခန့်သာဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။

သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...