သွေးနှောများ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သည့်အခါ လဝကရုံးတွင် ပေါက်ဈေးအတိုင်း ဂါရဝပြုရသည်များရှိနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

သွေးနှောများ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သည့်အခါ လဝကရုံးတွင် ပေါက်ဈေးအတိုင်း ဂါရဝပြုရသည်များရှိနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

မွန်ပြည်နယ်တွင် သွေးနှောနိုင်ငံသားများ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သည့်အခါ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံးများ၌ ပေါက်ဈေးအတိုင်းဂါရဝပြုရသည်များ ရှိနေကြောင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြမှ ယနေ့ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအခြေအနေအား ပြည်နယ်လွှတ်တော်တွင်မေးမြန်းရာမှ ဆက်စပ်မေးခွန်းအဖြစ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပေါက်ဈေးအတိုင်းဂါရဝပြုမည်ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်ကို တစ်ပတ်အတွင်းလက်ဝယ်ရရှိပြီး ဂါရဝမပြုပါက နိုင်ငံသားစိစစ်ရေးကတ်ရရှိရန် လနဲ့ချီကြာမြင့်ကြောင်း ဒေါ်ကြည်ကြည်မြက ပြောသည်။

“သွေးနှောတွေနိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တဲ့အခါ အချို့မှာပေါက်ဈေးအတိုင်းဂါရဝပြုရင် တစ်ပတ်အတွင်းလက်ဝယ်ရရှိပြီးတော့ အချို့မှာအထောက်အထားအချက်အလက်မှန်ကန်ပြည့်စုံပါလျက် ဂါရဝမပြုလျှင် လနဲ့ချီအချိန်ကြာမြင့်ပါတယ် ဒီဇင်ဘာမှာဘွဲ့ယူမယ့်ကောင်မလေးတစ်ယောက်က နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်လို့မရဘူးဆိုပြီး အကူညီလာတောင်းပါတယ် လဝကဦးစီးမှူးကို ဥပဒေနဲ့အညီဆောင်ရွက်ပေးပါလို့ ကျွန်မပြောလိုက်တဲ့အခါ ကောင်မလေးကရုံးကို ရောက်သွားပါတယ် ရုံးကဘာပြောလဲဆိုတော့ ငါတို့လုပ်လို့မရဘူးဆိုတာကို ကိုယ်စားလှယ်ကိုတိုင်ရသလားတဲ့ ပေါက်ဈေးကိုမသိဘူးလာဆိုတဲ့ အပြောမျိုးတွေခံရပါတယ် “ ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောသည်။

အဆိုပါအဂတိတရားများဖြစ်ပေါ်မှုသည် ကာယကံရှင်နျစ်ဦးနှစ်ဖက်ပေါ်မှာ အဓိကမူတည်နေပြီး အစိုးရအနေဖြင့် လက်လှမ်းမီသလောက် ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းမှုအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဖြေကြားခဲ့သည်။

“အဂတိတရားကင်းရှင်းစေတဲ့နေရာမှာတော့ အဓိကက ကာယကံရှင်နှစ်ဦးနှစ်ဖက်အပေါ်မှာ အဓိကမူတည်တယ် အစိုးရပိုင်း ပြည်သူတွေအပိုင်းကတော့ ဝိုင်းဝန်ကြိုးစားကြတယ် ပြောင်းလဲချိန်တန်ပြီးဆိုတာဟာ စာထဲမှာရှိယုံတင်မဟုတ်ဘူး မိမိကိုယ်တိုင်ပြောင်းလဲဖို့လိုအပ်တယ်လို့ ယူဆပါတယ် အစိုးရအနေနဲ့ဒီအပေါ်မှာ အတတ်နိုင်ဆုံး လက်လှမ်းမှီသလောက် ကြီးကြပ်ဆောင်ရွက်ပေးသွားပါမယ်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် ကပြန်လည်ဖြေကြားခဲ့သည်။

သတင်း - နောင်ခန့်

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...