လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မွန်လိုင်စင်ထုတ်ပေးရန် ပြည်နယ်အစိုးရအစီအစဉ်ဆွဲနေ

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မွန်လိုင်စင်ထုတ်ပေးရန် ပြည်နယ်အစိုးရအစီအစဉ်ဆွဲနေ

မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား မွန်ပြည်နယ်အတွင်း၌မောင်းနှင်အသုံးပြုခွင့်ရှိသည့် မွန်ဒေသတွင်းလိုင်စင်အားထုတ်ပေးရန် စီမံချက်ရေးဆွဲနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ်အစိုးရရုံးတွင် ဇန်နဝါရီလ ၂၁ရက်နေ့တွင်ပြုလုပ်ခဲ့သော လင်းယုန်စီမံချက်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ လိုင်စင်လုပ်ပေးမှာက သူ့ဥပဒေအတိုင်းလုပ်ပေးမှာပါ။ လိုင်စင်ထုတ်ပေးတာကို ညွှန်ကြားချက်အတိုင်းဖြစ်အောင်လုပ်ဆောင်ပေးဖို့ မြို့နယ်တိုင်းကို အစီစဉ်ရေးဆွဲနေပါတယ်။ လိုင်စင်ထုတ်ပေးမယ့်ကာလကိုတော့ အတိကျမပြောနိုင်သေးပါဘူး။ အမြန်ဆုံးဆောင်ရွက်ပေးမှာပါ “ ဟု ဒေါက်တာအေးဇံက ပြောသည်။

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်ဒဏ်ကြေးကို သင့်တော်သည့်နှုန်းထားတစ်ခုထားပေးရန် ဆန္ဒရှိကြောင်း မော်လမြိုင်မြို့နေဒေသခံ ကိုကျော်ဦးကပြောသည်။

“ ဒဏ်ကြေး ၅၀ရာခိုင်နှုန်းဆိုရင်တော့ မတတ်နိုင်ကြဘူး။ လိုင်စင်မဲ့စီးတဲ့သူတွေက လိုင်စင်ဘီးတွေကိုမဝယ်နိုင်တဲ့ အခြေခံလူတန်းစားတွေပါ။ ပိုက်ဆံရှိတဲ့သူတွေကတော့ ဘီးကောင်းကောင်းတွေကို ဝယ်ပြီးလိုင်စင်လုပ်နိုင်ကြမယ်။သာမန်လက်လုပ်လက်စားတွေအတွက်တော့ အခွန်ဆောင်ပြီးစီးဖို့ အဆင်မပြေကြဘူး “ ဟု ကိုကျော်ဦးကပြောသည်။

မွန်ပြည်နယ်အတွင်းသို့ မြဝတီလမ်းကြောင်းမှတစ်ဆင့် လိုင်စင်မဲ့ဆိုင်ကယ်များတင်သွင်းနေပြီး အခြားသောတိုင်းနှင့်ပြည်နယ်များကိုပါ တစ်ဆင့်ပြန်လည်ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

“ မြဝတီနယ်စပ်ကနေဝင်တာများတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာပါ လိုင်စင်မဲ့ဆိုင်ကယ်တွေအတွက် ဈေးကွက်ကရှိနေတယ်။ ပြည်နယ်အစိုးရအနေနဲ့ လိုင်စင်မဲ့ဘီးတွေရဲ့ဝင်ပေါက်တွေကို သေချာစိစစ်စေချင်တယ် “ ဟု ဖားအောက်ကျေးရွာတွင်နေထိုင်သည့် ကိုကျော်သူရကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလအထိ တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ်များမှာ မော်လမြိုင်ခရိုင်တွင် ( ၂၉၉၇၅၃) စီး ၊ သထုံခရိုင်တွင် ( ၅၄၇၂၅ ) စီးရှိသည့်အတွက် မွန်ပြည်နယ်တွင် တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ် (၃၅၄၄၇၈) စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏စာရင်းအရ သိရသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...