မတူပီ ခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကိစ္စ ဒေသခံအချင်းချင်း သဘောထားကွဲလွဲနေ

မတူပီ ခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကိစ္စ ဒေသခံအချင်းချင်း သဘောထားကွဲလွဲနေ

ဘတ်ဂျက်ကျတုန်း မဆောက်လျှင် ဘဏ္ဍာနှစ်ကုန် ဘတ်ဂျက်ပြန်အမ်းရမည်ဖြစ်ပြီး ဒေသခံများ နစ်နာမည်ဟု အစိုးရအဖွဲ့ပြော



ချင်းပြည်နယ် မတူပီမြို့တွင် မတူပီခရိုင်ရုံး တည်ဆောက်မည့် မြေနေရာကိစ္စနှင့်ပတ်သက်ပြီး ဒေသခံအချင်းချင်းကြား သဘောထားကွဲလွဲနေသည့်အတွက် ဘတ်ဂျက်ရှိတုန်း ပြသနာကြောင့် မဆောက်ဖြစ်လို့ ဘဏ္ဍာနှစ်ကုန်၍ ငွေပြန်အမ်းရလျှင် ဒေသခံများသာ နစ်နာမည်ဖြစ်ကြာင်းချင်းပြည်နယ်အစိုးဖက်မှ အသိပေးပြောကြားလိုက်သည်။

မတူပီမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးကို မြို့ပေါ်စည်ပင်နယ်နိမိတ်တွင် တည်ဆောက်စေလိုသည့်အတွက် လက်ရှိအစိုးသတ်မှတ်နေရာတွင် မတည်ဆောက်ရန် ဆန္ဒထုတ်ဖော်ရန် စိုင်းပြင်းသည့်အုပ်စုနှင့် လက်ရှိအစိုးရသတ်မှတ်ထားသည့် မြေနေရာတွင်သာ တည်ဆောက်စေလိုသည့်အုပ်စုနှစ်စုအဖြစ် ကွဲလျက်ရှိကြောင်း မတူပီအရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

မတူပီမြို့ပေါ်နှင့် ရှစ်မိုင်ခန့်ရှိသည့် လက်ရှိအစိုးရသတ်မှတ်သည့်နေရာတွင် မတည်ဆောက်ပဲ စည်ပင်ဧရိယာအတွင်းဖြစ်သည့် မြို့ပေါ်နှင့်နီးသည့်နေရာတွင် တည်ဆောက်စေလိုသည့် အုပ်စုမှ ဆန္ဒထုတ်ဖော်ရန် စာတင်ထားမှုလည်း ခွင့်ပြုချက်ရမရ  ၂၆ ရက်နေ့တွင် အဖြေသိရတော့မည်ဖြစ်သည်။

မြို့ပေါ်နှင့်နီးသည့်နေရာတွင် တည်ဆောက်စေလိုသည့် မတူပီမြို့မိမြို့ဖ ဦးဘူဖွဲ့မှ မြို့နဲ့နီးလျှင် ခရိုင်အုပ်ချုပ်ရေးရုံးအနေဖြင့် စီမံခန့်ခွဲမှုလည်း ပို၍လွယ်ကူမည်ဖြစ်သလို လုပ်ငန်းလိုအပ်ချက်အရ ခရိုင်ရုံးသို့ သွားလိုသည့် လူထုအနေဖြင့်လည်း လျှင်မြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

တစ်ဖက်တွင် နောင်ရေရှည်၌ မတူပီတွင် ကောလိပ်၊ စက်မှုလက်မှုလုပ်ငန်းဆောက်အဦး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများအပြင် အခြား ရုံးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာများအတွက် နယ်မြေတိုးချဲ့လာခြင်း၊ တည်ဆောက်လာခြင်းများအတွက် လက်ရှိအစိုးရသတ်မှတ်သည့်နေရာသည် ရေရှည်အတွက် သင့်တော်သည့်နေရာဖြစ်သည်ဟု ပြန်လည်ထောက်ပြမှုများရှိသည်။

မတူပီဒေသခံတစ်ဦးဖြစ်သူက “ ကျွန်တော့်အမြင်တစ်ခုအနေနဲ့ပဲပြောရမယ်ဆိုရင် အခုအစိုးရသတ်မှတ်ထားတဲ့နေရာက မြို့နဲ့တော့ ဝေးတယ်။ ဒါပေမယ့် အဲဒီဖက်မှာ စစ်ဗျူဟာကုန်းရှိတယ်။ စစ်ဗျူဟာကုန်းနဲ့ ဒေသခံပြည်သူတွေအကြား အလိုလားအပ်တဲ့ပြသနာလေးတွေအမြဲဖြစ်တယ်။ ခရိုင်ရုံးကို အဲဒီဖက်ကို ဆောက်ခြင်းအားဖြင့် လူအသွားအလာလည်းများလာမှာဖြစ်တဲ့အတွက်  လူထုအတွက် လုံခြုံမှုပိုရှိမယ်လို့ထင်ပါတယ်” ဟုပြောသည်။

မတူပီဒေသခံတစ်ဦးဖြစ်သူ Sa Long က ” လောလောဆယ် ပြသနာ နည်းနည်းရှိတာက  မြို့ပေါ် စည်ပင်ဧရိ ယာမှာ ဆောက်စေချင်ကြတဲ့ ပြည်သူတွေနဲ့ မြို့နဲ့ရှစ်မိုင်အဝေး အစိုးရလျာထားတဲ့ နေရာကို သဘောတူတဲ့ပြည်သူဆိုပြီးရှိတာပေါ့။  မတူပီနဲ့ ရှစ်မိုင်ဝေးတဲ့ နေရာမှာ ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အပြင်းအထန်ကန့်ကွက်တာတော့မဟုတ်ဘူး။ နောင်တိုးတက်လာမယ့် အဆောက်အဦးတိုးချဲ့မှုတွေ၊ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်းအဆောက်အဦးတွေ၊ တက္ကသိုလ်တွေရှိလာမယ့် အချိန်အတွက် အဲဒီနေရာကို ယာထားပါ။ ဒါပေမယ့် အခုလောလောဆယ်တော့ မြို့ပေါ်နဲ့နီးတဲ့နေရာမှာပဲဆောက်ပါလို့ ထောက်ပြတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က  ဘတ်ဂျက်ရှိတုန်းမတည်ဆောက်နိုင်လျှင် မြေနေရာ ပြသနာကြောင့် မဆောက်နိုင်ပါက ဘဏ္ဍာနှစ်ကုန်လျှင် ဘတ်ဂျက်ပြန်အမ်းရလိမ့်မည်ဖြစ်ကြောင်း၊ ဒေသခံများအတွက် နစ်နာမှာဖြစ်ကြောင်း အသိပေးပြောထားသကဲ့သို့ လက်ရှိအစိုးရသတ်မှတ်ထားသည့်နေရာသည် ရေရှည်အတွက် ပိုသင့်တော်ကြောင်း ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ ရေရှည်ကိုကြည့်မယ်ဆိုရင် ခရိုင်မြို့ကြီးဖြစ်လာမယ့် ဟာလည်းဖြစ်တယ် ။ ခရိုင်မြို့ ဆိုတာလည်း ရုံးပေါင်းနှစ်ဆယ်ရှိမယ်။ ခရိုင်ရုံးမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေအတွက် အိမ်ယာဆောက်မယ်ဆိုရင်လည်း စဉ်းစားတာတော့ အခုအနေထားမှာတော့ ဖနိုင်နှင့် ငလိုင်ဘက်မှာ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ သင့်တော်တဲ့ အနေထားလေးတွေ့တယ်။ ကျွန်တော်တို့ လွှတ်တော်ကို မေးပြီးမှ မြို့ဟောင်းနေရာမှာ လုပ်ဖို့စဉ်းစားတဲ့ အချိန်မှာ များသောအားဖြင့်  အဲဒီနေရာတွေက နေရာအကျယ်အဝန်း များများမရနိုင်ဘူး။ နောက်မြေပြိုတာမျိုးတွေ ဖြစ်နိုင်တဲ့ နေရာမျိုးဖြစ်နေတော့ ပညာရှင်တွေ သုံးသပ်ချက်အရ ဖနိုင်တို့ ငလိုင်တို့ဘက်မှာဘဲ သင့်တော်မယ်လို့ သုံးသပ်မိတယ်”ဟုပြောသည်။

မတူပီမြို့ကို ခရိုင်အဖြစ်တိုးမြှင့်ရန် ယခင်ချင်းပြည်နယ်ဝနယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းလက်ထက်က အမှုတွဲတင်ထားခြင်းဖြစ်ပြီး NLD အစိုးရသစ်လက်ထက်တွင် ခရိုင်မြို့အဖြစ် တိုးမြှင့်ခံရခြင်းဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...