ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဖက်၊ မင်းတပ်-မတူပီအဝေးပြေးလမ်းမကြီးအပေါ်ရှိ အမှတ်(၂၇၄)ခြေလျင်တပ်ရင်း၏ သိမ်းဆည်းထားသောမြေများအနက် အသုံးမပြုပဲချန်လှပ်ထားသော မြေကွက်များအား ပိုင်ရှင်များမှ ထိုက်သင့်သည့် လျော်ကြေးပေးရန်အကြိမ်ကြိမ်တောင်းဆို တင်ပြသော်လည်း သက်ဆိုင်ရာမှ အကြောင်းပြန်ခြင်းမရှိပဲ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း မိခင်၏ မြေကို ပြန်ရသည်ဟု ကျန်မြေပိုင်ရှင်များက ပြောသည်။
“ကျတော်တို့ ဒီမြေကိစ္စနဲ့ပါတ်သက်ပြီး အထက်ကို အကြိမ်ကြိမ်တင်ပြထားတယ်၊ လုံးဝအကြောင်းပြန်စာမရခဲ့ကြဘူး၊ အရင်ကလည်းဘာလျော်ကြေးမှ မရခဲ့ကြပါဘူး။ ပြန်တောင်းတဲ့နေရာတွေကလည်း စစ်တပ်က အသုံးမပြုတဲ့နေရာတွေ ဖြစ်တယ်၊ဝန်ကြီးဟောင်းတို့မြေကျတော့ ပြန်ရတယ်၊ မြေပိုင်ရှင်အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတော့ ပြန်ရချင်ကြတာပေါ့ “ လျော်ကြေးရရန် ကြိုးပမ်းသူ မြေပိုင်ရှင်တစ်ဦးက ပြောသည်။
ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးနိန်နိုင်းက ၂၀၁၈ခုနှစ်သြဂုတ်လ(၃၁)ရက်နေ့တွင် မိခင်ပိုင်ဆိုင်သောတပ်သိမ်းမြေနှင့် ကျန်မြေပိုင်ရှင်(၄)ဦးအား မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှ အခမ်းအနားဖြင့် ပြန်လည်အပ်နှံခဲ့ကြောင်းပြောသည်။
“အရင်က လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်တဲ့နောက် လျော်ကြေးပေးခဲ့တယ်။ မိခင် ဒေါ်နိန်လဲင်းမှ ဧက ၆၀ အတွက် ၄၅၀၀ ကျပ် နှုန်းနဲ့ တစ်ဧက ၇၅ ကျပ်နှုန်းနဲ့ရခဲ့ပါတယ်။ နှစ်ရှည်ပင်အတွက်လည်း လျော်ကြေးရခဲ့ကြပါတယ်။ နောက်ပိုင်း သမ္မတဦးသိန်းစိန် မင်းတပ်ခရီးစဉ်မှာ မြို့မိမြို့ဖဦးဖေလိန်းက တပ်ကနေ ဒုတိယအကြိမ်သိမ်းတဲ့ ၄၉၉ ဧကအားလုံးကို တပ်ရင်းကနေ အသုံးပြုခြင်းမရှိတာကြောင့် မူလတောင်သူများဆီ ပြန်လည်ပေးအပ်ဖို့တင်ပြခဲ့ပါတယ်။ သိမ်းဆည်းခံ တောင်သူများကလည်း နိုင်ငံတော်သမ္မတဆီကိုဖြစ်ဖြစ်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်ကို တင်ပြပေးခြင်း များကြောင့် တပ်ရင်းအတွက် လိုအပ်မြေ ၂၅၀ ဧကကို ဆက်လက်သိမ်းပြီး ကျန်မြေများကိုစွန့်လွှတ်ခဲ့ပါတယ်” ဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးနိန်နိုင်းကပြောသည်။
သူကဆက်ပြီး လျော်ကြေးမရရှိသည့် မြေရှင်များမှ “တောင်ယာမြေတစ်ကွက်လျှင် နွားနောက်မတစ်ကောင်တန်ဖိုး ၆ သိန်းနှုန်းဖြင့် ထပ်မံလျှော်ကြေးရလိုကြောင်း ခရိုင်အုပ်ချုပ်ရေးရုံးက တစ်ဆင့်ပြည်နယ် အစိုးရကို တင်ပြကြတယ်။အဲဒါကို ပြည်ထောင်စုအစိုးရကိုလည်း ဆက်ပြီးတင်ပြထားတယ်။ ရမရမသိရသေးဘူး။ မရရင် နိုင်ငံတော်သမ္မတထံ ထပ်မံတင်ပြသင့်တယ်” ဟုပြောသည်။
အသုံးမပြုပဲချန်လှပ်ထားသော မြေမှာ၂မိုင်မှ ၃မိုင် ၃ဖာလုံထိရှည်လျားပြီး သိမ်းဆည်းခံမြေများတွင် ဆရာတော်ဦးပညာသီရိ၏သာသနာမြေလည်းပါဝင်ပြီး၊ နေအိမ်နှင့်မြေကွက်အသိမ်းခံရသူ (၁၅)ဦး၊ အိမ်မပါမြေကွက်အသိမ်းခံရသူ (၈)ဦးရှိကြောင်းသိရသည်။ ပြန်လည်တောင်းဆိုသည့် နေရာများမှာ မြို့နယ်မြေစာရင်းမှ ပြန်လည်တိုင်းတာပေးခဲ့သည့် မြေဧရိယာဖြစ်ပြီး ၊ဧရိယာပေါင်း (၃၇.၅၅)ခု ဖြစ်ကြောင်း မြေပိုင်ရှင်များကပြောသည်။







