ဇိန်မှုတောင်အမျိုးသားဥယျဉ်အဖြစ်အကောင်အထည်ဖော်မည့် နေရာအတွင်း လူထုအသိမပေးပဲ ကျေးရွာထု အလေးထားသည့်ရေကန်ကာမှု ချွန်ကျုံးဒေသခံများမှ ဟားခါးမြို့အထိ ချီတက်ဆန္ဒထုတ်ဖော်မည်ဟုဆို

ဇိန်မှုတောင်အမျိုးသားဥယျဉ်အဖြစ်အကောင်အထည်ဖော်မည့် နေရာအတွင်း လူထုအသိမပေးပဲ ကျေးရွာထု အလေးထားသည့်ရေကန်ကာမှု ချွန်ကျုံးဒေသခံများမှ ဟားခါးမြို့အထိ ချီတက်ဆန္ဒထုတ်ဖော်မည်ဟုဆို

ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်နိမိတ်အတွင်းရှိ ဇိန်မှုတောင်ကို အမျိုးသားဥယျဉ်အဖြစ် အကောင်အထည်ဖော်သည့်နေရာအတွင်း Lai tili ရေကန်ကာမှုကို လူထုအကိုအသိမပေးပဲ ဆောင်ရွက်နေသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ဟားခါးမြို့ပေါ်အတွင်း ဆန္ဒထုတ်ဖော်သွားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ချွန်ကျုံးကျေးရွာ ဒေသခံ လူမှုရေး တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ချင်းဝေါလ်သတင်းဌာနကိုပြောသည်။

ချွန်ကျုံးကျေးရွာဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူက “ကျေးရွာအုပ်ချုပ်ရေးကိုတောင်အသိမပေးပဲ လုပ်ငန်းလုပ်တာကတော့ အာဏာရှင်စနစ်ဆန်ဆန်လုပ်တယ်လို့ပဲပြောချင်တယ်။ အနုနည်းနဲ့ လူထုကိုယ်တိုင်သွားပြောတာကိုတောင်မှ လက်နက်ပါတဲ့ ရဲ လုံခြုံရေးတွေပါခေါ်ပြီး ဆက်လုပ်တယ်။ ဒီလောက်ကျွန်တော်တို့မကြိုက်တာကိုတောင် ဆက်လုပ်တဲ့အပေါ် ချွန်ကျုံးကျေးရွာအနေနဲ့ ဆက်ပြီးငြိမ်မခံဘူး။ လူထုအစည်းအဝေးကနေလည်း ဒီကိစ္စအပေါ် ဆန္ဒပြဖို့လည်း ဆက်လက်ဆောင်ရွက်သွားမယ်။ ဟားခါးမြို့ပေါ်မှာ ဆန္ဒပြဖို့ လုပ်သွားမယ်” ဟုပြောသည်။

သူကဆက်ပြီး “ ရေကန်ကာတာလည်း လူထုကိုပေးမသိပဲလုပ်ကြတယ်။ အဲဒီနေရာဟာ ချွန်ကျုံးဒေသခံတွေအနေနဲ့ အထွက်အမြတ်ထား၊ တန်ဖိုးထားတဲ့နေရာဖြစ်တယ်။ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အသုံးပြုတဲ့ လှပတဲ့နေရာဖြစ်တယ်။ မြစ်ရေ၊ ချောင်းရေတွေရဲ့ မြစ်ဖျားခံရာနေရာလည်းဖြစ်တယ်။ သူတို့စိတ်ကြိုက်အတိုင်း ရေကိုလာကာကြတယ်။ အုပ်ချုပ်ရေးမှုးတောင်မသိဘူး။ ဒါကို လူထုအနေနဲ့ မကြိုက်ဘူးဆိုပြီးတော့ အစိုးရကိုလည်းစာပေးတယ်။ ဒါကိုလည်း သူတို့အလေးမထားပဲ ရေကာတာကိုဆက်လုပ်တယ်။ စက်တင်ဘာလ ၄ ရက်နေ့ကလည်း ချွန်ကျုံးဒေသခံ ၁၈၀ ဝန်းကျင်လောက် ရေတာကို သွားရပ်ခိုင်းတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာလည်း ချွန်ကျုံးကျေးရွာဥက္ကဌကို ခေါ်ပြီး လုပ်ငန်းဆက်လုပ်ဖို့ပြောခဲ့တယ်။ ဒါပေမယ့် လူကြီးတွေက လက်မခံခဲ့ဘူး။ ရွာလူကြီးတွေက ရပ်ဆိုင်းဖို့ပဲပြောခဲ့တာဖြစ်တယ်။ ဒါကိုလည်း အစိုးရအဖွဲ့က လက်မခံပဲ စက်တင်ဘာလမှာ လုံခြုံရေးရဲတပ်ဖွဲ့ကိုပါခေါ်ပြီးဆက်လုပ်တယ်” ဟုပြောသည်။

ဇိန်မှုတောင်ကို အမျိုးသားဥယျဉ်လုပ်မည့်အရေးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အမျိုးသားဥယျဉ်လုပ်ဖို့က နိုင်ငံတော်အနေနဲ့ ခွင့်ပြုပြီးသား။ ဘတ်ဂျက်တွေလည်း ခွင့်ပြုပြီးသားဖြစ်တယ်။ ထန်တလန်မြို့နယ်ဖက်နဲ့ ဖလမ်းမြို့နယ်ဖက်ကတော့ သဘောတူတော့ နယ်နိမိတ်ဘုတ်တိုင်လည်းစိုက်ပြီးပြီး။ ဟားခါးဖက်ကနေ သဘောမတူသေးတဲ့အတွက် ဘုတ်တိုင်လည်းမစိုက်ရသေးဘူး။ ဧရိယာအနေနဲ့တော့ ဟားခါးဖက်ခြမ်းကတော့ အကျယ်ဆုံးပေါ့။ သစ်တောဝန်ကြီးအနေနဲ့လည်း ဒေသခံတွေကို ခေါ်တွေ့ပြီး ကျေးရွာထုကို အနှောက်အယှက်မဖြစ်စေရဘူး။ နွားနောက်မွေးတာတွေ၊ စိုက်ပျိုးရေးလုပ်တာတွေ၊ စားကျက်နယ်မြေအဖြစ် သုံးတာတွေကို ခွင့်ပြုပေးမယ်လို့ ပြောထားပြီးသားဖြစ်တယ်။ အမှန်တော့ နယ်မြေဒေသခံတွေအနေနဲ့ သဘာဝဥယျဉ်ကြီးကို အမှီပြုပြီး ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးဖို့၊ လှပတဲ့နေရာဒေသတွေ ခရီးသည်တွေလေ့လာနိုင်ဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့လုပ်တာဆိုတော့ ကန့်ကွက်မှုတွေရှိလာတဲ့အပေါ် နည်းနည်းအခက်အခဲဖြစ်တာပေါ့။ နိုင်ငံရေးတွေလည်း ပါတဲ့သဘောဖြစ်တာပေါ့။ သူတို့က ၂၀၂၀ ပြီးမှ လုပ်ခိုင်းစေချင်တာမျိုးတွေလည်း ရှိတယ်။ အတတ်နိုင်ဆုံးတော့ လူထုရဲ့နားလည်မှုရှိလာဖို့ ကြိုးစားသွားပါမယ်” ဟုပြောသည်။

ဇိန်မှုတောင်သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ် ဧရိယာတို့တွင်ရှိပြီး ပင်လယ်ရေပြင်အမြင့်ပေ ၈၄၁၄၊ ဟားခါးမြို့နယ်အတွင်း ၇၇၅၆ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက ၄၀၀၀ ကျော်နှင့် ဖလမ်းမြို့နယ်အတွင်း ဧကခြောက်ထောင်ကျော် စုစုပေါင်း ၁၉၉၃၇ ဧက ကျယ်ဝန်းသည့် အမျိုးသားဥယျဉ်အဖြစ် သတ်မှတ်ရန် အစိုးရမှ ဆောင်ရွက်လာခြင်းဖြစ်သည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...