အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ချင်းပြည်နယ်အစိုးရမှ မတရားမြေသိမ်းသည့်ကိစ္စ ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ရန်စာပို့သော်လည်း အကြောင်းမပြန်ဟုဆို

အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ချင်းပြည်နယ်အစိုးရမှ မတရားမြေသိမ်းသည့်ကိစ္စ ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ရန်စာပို့သော်လည်း အကြောင်းမပြန်ဟုဆို

မြေသိမ်းမှုများနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရမှ ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ပေးရန် အကြောင်းကြားသော်လည်း ချင်းပြည်နယ်အစိုးရမှ လျစ်လျူရှုပြီး အကြောင်းမပြန်ခြင်းသည် တိုင်းပြည်ဆူပူအောင်လုပ်နေသကဲ့သို့ ဖြစ်ကြောင်း လွှတ်တော်ပြင်ပ အဂတိတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှုး ဦးကြည်လွင်ကပြောကြားလိုက်သည်။

ဦးကြည်လွင်က “ ကျွန်တော်တို့ဆီမှာရှိတာက ဟားခါးမြို့က လူ (၆၀) ရဲ့ ဧက တစ်ထောင်ကျော်၊ ကန်ပက်လက်မှာ လူ (၂၀) ရဲ့ ဧက (၃၀၀) ကျော်ရှိအသိမ်းခံရတယ်ဆိုပြီးရှိပါတယ်။ ကော်မရှင်အနေဖြင့် အစီရင်ခံစာများ ဆက်လက်ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်များကို ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ပေးရန်ဆိုပြီး အကြောင်း ကြားစာပို့ပေးတာတွေရှိပါတယ်။အဂတိကော်မရှင်ကတောင်မှ ဥပဒေဘောင်အတွင်းကနေလုပ်နေတာတောင်မှ လျစ်လျူရှုတာ ပြည်နယ်အစိုးရအဖွဲ့ဟာတိုင်းပြည်ဆူပူအောင်ဆောင်ရွက် နေတယ်လို့ပြောလို့ရပါတယ်။ ပွင့်လင်းမြင်သာမှုရှိရှိလုပ်ရမယ့်ဟာကို မြေတွေသိမ်းပြီး အကွက်ရိုက်နေတာတွေဟာ နိုင်ငံတော်အတွက် အကျိုးရှိမရှိမသုံးသပ်ပါဘူး။ တိုင်းရင်းသားတွေအတွက်ကတော့ စားဝတ်နေရေးမှာ တအားအကြပ်အတည်းဖြစ်နေပါတယ်” ဟုပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်၏ မြို့သုံးမြို့ဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် ပလက်ဝမြို့များကို မြို့ပြစီမံကိန်းတိုးချဲ့ရေးလုပ်ငန်းများကို ချင်းပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းနယ်မြေများကို ဥပဒေမဲ့ အစိုးရမှ သိမ်းယူသည့်နယ်မြေများပါဝင်ကြောင်း ဦးကြည်လွင်ကပြောသည်။

သူက “ ဘိုးဘွားပိုင်နယ်မြေပါခင်ဗျ။ မြန်မာနိုင်ငံလွှတ်လပ်ရေးမရခင်ကတည်းက ဘိုးဘွားပိုင်အဖြစ်ပိုင်ဆိုင်လာတယ်ဆိုတာကို စာရွက်စာတမ်းအထောက်အထားအရသိရတယ်ခင်ဗျ။ လက်ရှိအစိုးရလက်ထက်မှာသိမ်းတာ။ မြို့ပြစီမံကိန်းလုပ်တဲ့နေရာပါပါတယ်။ မြို့တိုးချဲ့ဆိုပြီးလုပ်တယ်။ အဲဒီမှာ ဘိုးဘွားပိုင်နယ်မြေတွေပါတယ်။ ပြီးတော့ကန်ပက်လက်မြို့ကတစ်ချို့စီမံကိန်းတွေမှာလည်း လယ်မြေတွေပါသွားတယ်” ဟုပြောသည်။

လက်ရှိချင်းပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြို့ပြစီမံကိန်းများသည် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောတွင်လည်း မြေသိမ်းရန်ဆွေးနွေးမှု၊ မြေသိမ်းမှုများမရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဦးစိုးထက်က “ ဒီကြားမှာ ကျွန်တော်တို့သိမ်းတာဘာမှမရှိပါဘူး။ ကက်ဘိနက်အစည်းအဝေးကမြေသိမ်းဖို့ ဆွေးနွေးတာလည်းမရှိပါဘူး။ မြို့ပြစီမံကိန်းကတော့ရှိတယ်လေ။ အဲဒါကလည်း နိုင်ငံတော် ပြည်ထောင်စုအဆင့်ကိုတင်ပြီးတော့ ခွင့်ပြုပြီးသား။ ဟားခါးမှာဆိုရင်လည်း ခွင့်ပြုပြီးသား၊ ဖလမ်းမြို့ပြစီမံကိန်း၊ ပလက်ဝမြို့ပြစီမံကိန်းဒီလိုလေးတွေအကောင်အထည်ဖော်တာတော့ရှိတယ်။ ပလိုင်းကြီးသိမ်းတာတော့မရှိဘူးခင်ဗျ။ အဲလိုဧက ၁၀၀၀ လောက်သိမ်းတာမရှိဘူး။ မြို့ပြစီမံကိန်းက မြို့လူထုကနေ လိုလိုလားလားအကောင်အထည်ဖော်စေချင်တာဖြစ်တော့ အဲဒါကို ပထမအဆင့်အနေနဲ့ ဟားခါး၊ ဖလမ်း၊ ပလက်ဝမြို့ပေါ့။ ဒုတိယအဆင့်အနေနဲ့ တီးတိန်၊ မင်းတပ်၊ မတူပီပေါ့။ တတိယအဆင့်ကတော့ ကျန်သေးတဲ့မြို့တွေအားလုံးကို ဖွံ့ဖြိုးစေချင်လို့ ကျွန်တော်တို့တောင် မနည်းလုပ်နေရတာ” ဟုပြောသည်။

လွှတ်တော်ပြင်ပ အဂတိတိုက်ဖျက်ရေးကော်မရှင်ဦးကြည်လွင်က အစိုးရကို စီမံကိန်းများလုပ်ဆောင်ရန် တားမြစ်ခြင်းမဟုတ်ကြောင်း၊ အစိုးရအနေဖြင့် မိမိဒေသ၊ တိုင်းပြည်ဖွံ့ဖြိုးရေးဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ သို့သော်ချင်းပြည်နယ်ရှိ စီမံကိန်းနယ်မြေများမှာ ဒေသခံများ၏ ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် မြေသိမ်းဥပဒေ ၁၈၈၅ ပုဒ်မ (၄) (ဃ) အရသိမ်းရမည်ဖြစ်ကြောင်း၊ လျှော်ကြေးပေးခြင်း၊ နစ်နာကြေးပေးခြင်း၊ မြေအစားထိုးပေးခြင်း များကိုဆောင်ရွက်ရမည်ဖြစ်သော်လည်း ပြည်သူကို အရင်ချပြခြင်းမျိုးမရှိပဲ ယခုကဲ့သို့ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မှုသည် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်မညီကြောင်းပြောသည်။

တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်မှုသည် နိုင်ငံသားနှင့်နိုင်ငံသားအခွင့်အရေးတွင်လည်းအတိအလင်းပါရှိခြင်းဖြစ်သဖြင့် တိုင်းရင်းသားအခွင့်အရေး ဥပဒေအရ ကာကွယ်ရန်အခက်အခဲရှိလာပါက ကုလသမဂ္ဂမဟာမင်းကြီးရုံးအထိ တိုင်းရင်းသားအရေး ကာကွယ်ပေးသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ဟာခါးမြို့သစ်စီမံကိန်းနှင့် ဖလမ်းမြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လာရာတွင် ဒေသခံတောင်သူမြေပိုင်ရှင်များမှ ကျေနပ်မှုမရှိပဲ ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။ ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ဒေသခံတောင်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးမှုပြုလုပ်ပြီး လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...