အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူးတံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်

အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူးတံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်
by -
နောင်ခန့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ကိုဖြတ်၍ အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းကိုဆက်ပေးမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကို ပြည်နယ်ဘက်ဂျက်နှင့် ပြည်ထောင်စုဘက်ဂျက်တို့ ပူးပေါင်း၍ (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အဆိုပါ တံတားကို ပြည်ထောင်စုမှ ဆောက်လုပ်ပေးရမှာဖြစ်သော်လည်း ပြည်ထောင်စု အနေနဲ့ တံတားကိုဆောက်လုပ်ပေးမည်ဆိုပါက ယခုရရှိမယ့်ဘက်ဂျက်အနေနဲ့ မဖြစ်နိုင်သေးတာကြောင့် ပြည်နယ်ဘက်ဂျက်နဲ့ ပူးပေါင်းဆောက်လုပ်ရကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။

“အတ္တရံမြစ် အရှေ့နှင့် အနောက်ကို ဆက်ထားမယ့်တံတားဖြစ်တယ်။ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်သွားမယ်။ ဒီဘက်ကမ်းကရွာတွေနဲ့ ဟိုဘက်ကမ်းကရွာတွေဟာ အလွယ်တကူသွားလာလို့ရသွားမယ်။ မြဝတီအထိအလွယ်တကူသွားလို့ရနိုင်မယ်။ ပြည်နယ်ဘက်ဂျက်က တစ်ဝက် ပြည်ထောင်စုဘက်ဂျက်က တစ်ဝက်နဲ့ ဆောင်ရွက်သွားမှာပါ “ ဟု ၄င်းကပြောသည်။

ဆောက်လုပ်မည့်တံတားအမျိုးအစားမှာ သံမဏိသံပေါင်တံတားဖြစ်ပြီး အရှည် (၂၁၀၉) ပေရှိမှာဖြစ်သည်။ တံတားဆောက်လုပ်မယ့်နေရာကို ကျိုက်မရောမြို့၏ အရှေ့ဘက် ၂ မိုင် ၄ ဖာလုံခန့်အကွာ စံပယ်ကူးတို့ဆိပ်အနီးကို လျာထားကြောင်း သိရသည်။

အခုလက်ရှိတွင် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆လ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၅၀. ၀၀) ဖြင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါတံတားနှင့် ချဉ်းကပ်လမ်းဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်မှာ ကျပ် (၂၆၀၀၀.၀၀ )သန်းခန့်မှန်းထားပြီး ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းလျာထားရန်ပုံငွေ ကျပ် (၁၅၀၀.၀၀ )သန်းနှင့် ပြည်နယ်ငွေလုံးငွေရင်းလျာထား ရန်ပုံငွေ ကျပ် (၃၅၀၀.၀၀ )သန်းဖြင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောအရှေ့ဘက်ကမ်းတွင် ကျေးရွာပေါင်း (၉၇) ရွာနှင့် အနောက်ဘက်ကမ်းတွင် ကျေးရွာပေါင်း (၆၁) ရွာရှိပြီး လူဦးရေစုစုပေါင်း (၂၂၄၆၅၅ ) ဦးရှိကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...