ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြန်လည်ထားရှိရန် ပြင်ဆင်နေမှု ဒေသခံအချို့မှ ဝေဖန်

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြန်လည်ထားရှိရန် ပြင်ဆင်နေမှု ဒေသခံအချို့မှ ဝေဖန်
by -
Salai Benezer

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိရန် ပြင်ဆင်နေမှုအား တိုင်းပြည်အတွင်း ပြသနာအများအပြားရှိနေသည့်အချိန်တွင် အခြားအရေးကြီးသည့်အရာများကို ဦးစားပေးလုပ်သင့်ကြောင်း ဟားခါးမြို့ ဒေသခံအချို့မှ ဝေဖန်လိုက်သည်။

"ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိဖို့ကို NLD အစိုးရအနေနဲ့ တစ်ခြားပြည်နယ်နှင့် တိုင်း တွေမှာလဲ ရေးကြီးခွင်ကျယ်လုပ်ပြီး ထားရှိဖို့ကြိုးစားနေတာတွေ့ရတော့ စိတ်မကောင်းဘူး၊ ကျွန်မတို့တိုင်းပြည်မှာ ဒီထက်အရေးကြီးတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်၊ ပြသနာတွေလည်း အများကြီးကြုံနေရတယ်၊ ပြည်သူတွေလည်း ဆင်းရဲနေတဲ့အချိန်မှာ ဒီလိုမျိုးကိစ္စကို ငွေကြေးကုန်ကျခံလုပ်ဖို့ထက် တိုင်းပြည်ဖွ့ံဖြိုးရေးလုပ်ငန်းတွေ ဦးစားပေးပြီး လုပ်စေချင်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာက တစ်တိုင်းပြည်လုံး လွတ်လပ်ရေးရဖို့ ဦးဆောင်ခဲ့တယ်ဆိုတာ ကျွန်မတို့ရင်ထဲရှိရင်ရပြီ၊ တကူးတက ရုပ်တုဆောက်ပေးလိုက်တာနဲ့ ထူးပြီးလေးစားလာမှာမဟုတ်ဘူး”ဟု ဟားခါးမြို့ဒေသခံ ဒေါ်ပါရ်တီးလ်မှ ပြောသည်။

ယခင်က ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဗိုလ်ချုပ်ပန်းခြံအတွင်း ထားရှိခဲ့သော်လည်း ဗိုလ်ချုပ်ပန်းခြံပျက်သွားပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုလည်း ပြုပြင်ထိမ်းသိမ်းမှုမရှိဘဲ အစိတ်အပိုင်းတစ်ချို့ပျက်စီးခဲ့ရပြီး အဆိုပါနေရာတွင် ချင်းပြည်နယ်လွှတ်တော် အဆောက်အဦး တည်ဆောက်သည့်အချိန်တွင် ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအကြောင်းအရာနှင့် ပါတ်သတ်ပြီး ချင်းပြည်နယ်လွှတ်တော် ဒုဥကဌ ဦးအောင်သန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ "ခုလောလောဆယ်က ရုပ်တုထားမဲ့နေရာလိုနေတော့ ဆွေးနွေးတဲ့အဆင့်ဘဲ ရှိပါသေးတယ်၊ ဒီရုပ်တုက အရင်ကတည်းက ဟားခါးမှာ ရှိ ခဲ့ပြီးသားကို နေရာရွှေ့တဲ့သဘောပါဘဲ၊ ကျွန်တော်တို့ချင်းလူမျိုးတွေက ပင်လုံစာချုပ်မှာကတည်းကပါခဲ့တယ်၊ အဲ့တာကြောင့် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမှာ ပြသနာမရှိပါဘူး"ဟု ဖြေကြားခဲ့သည်။

"ချင်းပြည်နယ်ကတော့ ဗိုလ်ချုပ်ကြေးရုပ်တုက မလိုအပ်ပါဘူး သူက ကျွန်တော်တို့ ချင်းခေါင်းဆောင်လည်း မဟုတ်တဲ့အတွက် မလိုအပ်ဘူးလို့ထင်တယ်၊ ပြီးတော့ ရုပ်တုဟောင်းကို ပန်းခြံအသစ်မှာ ပြောင်းရွေ့တာလို့ ပြောနေပေမဲ့ အဲ့ဒီရုပ်တုဟောင်းက တော်တော်ပျက်စီးနေပါပြီ" ဟု ဟါးခါးမြို့ခံ ဦးဗန်ချဲန်ကျဲအိုမှ ဗိုလ်ချုပ်ရုပ်တု ပြန်လည်ထားရှိမည့်အပေါ် ၄င်း၏အမြင်ကို ပြောကြားခဲ့သည်။

ယခုနှစ်ပိုင်းတွင် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း NLDပါတီနှင့် အစိုးရမှ ဗိုလ်ချုပ်ကြေးရုပ်တုထားရှိရန် လုပ်ဆောင်နေမှုများကို ဒေသခံပြည်သူများမှ ဆန္ဒဖော်ထုတ်သည့် ဖြစ်စဉ်များပေါ်ပေါက်ခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...