နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်ခဲ့သူ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆို

နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်ခဲ့သူ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆို
by -
နောင်ခန့်

နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံထားရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။

နိုင်သားစိစစ်ရေးကဒ်အား လိမ်လည်အတုပြုကိုင်ဆောင်ခြင်း၊ ဖခင်အမည်နှင့် လူမျိုးတို့အား ဖုံးကွယ်လိမ်လည်၍ နိုင်သားစိစစ်ရေးကဒ် ပြုလုပ်ခဲ့သူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးအပေါ် ဥပဒေအရအရေးယူပေးရန် မော်လမြိုင်မြို့နယ်(လဝက)ဦးစီးမှူး ဦးအေးမင်းမှ တရားလိုပြုလုပ်၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့က ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် တိုင်ကြားထားသည်။

“ကျွန်တော်တို့က ဥပဒေအကြံတောင်းတင်ရတာလေ။ ဥပဒေညွှန့်ကြားချက်နဲ့အညီ တရားစွဲတင်ရတာ၊ မော်လမြိုင်မြို့နယ်ဥပဒေရုံးမှ ပြန်ချတဲ့ ပုဒ်မနဲ့ တရားစွဲဆိုရတယ်”ဟု ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်မျိုးဟိန်းက ပြောသည်။

၂၀၁၅ ခုနှစ်၊ မော်လမြိုင်မြို့နယ် မဲဆန္ဒရှင်များစာရင်းတွင် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၈၆၁၁ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့ပြီး သထုံမြို့နယ် မဲဆန္ဒရှင်များစာရင်းတွင် ဒေါ်ချိုအေးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၅၁၃၀ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့သည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦး ကိုင်ဆောင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား သည် သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ အောက်လမ်းတွင်နေထိုင်သော ဒေါ်ချိုအေးကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ နှင့် တူနေခြင်းဖြစ်သည်။

လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် နိုင်ငံသားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်ခဲ့သည်ကို လှိုင်ရပ်ကွက်နေပြည်သူများက မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီသို့ တိုင်ကြားခဲ့ကြောင်း အဆိုပါ ရပ်နေပြည်သူများထံမှ သိရသည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် ရပ်ကွက်နေပြည်သူတို့၏ တိုင်ကြားချက်များအရ ကိုယ်ပိုင်မှတ်ပုံတင် မဟုတ်ဘဲ သက်ရှိထင်ရှားရှိနေသည့် သထုံမြို့နယ်မှ အမျိုးသမီးတစ်ဦး၏ မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်သည့်အပြင် နောက်ထပ် မှတ်ပုံတင်တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်မှာ ပေါ်လွင်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူး ထပ်မံဝင်ရောက်အရွေးချယ်ခံနေခြင်းအား ၇ . ၁၂. ၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် အရည်အချင်းမရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့သို့ အကြောင်းကြားစာ ပို့ထားကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...