မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် စည်းကမ်းချိုးဖောက်သော သင်္ကြန်ပျော်ပါးမှုများကို လုံခြုံရေးဝန်ထမ်းများက အရေးယူမှု ရဲရဲတင်း ဆောင်ရွက်ရန် ယနေ့ ဧပြီလ ၁၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ပြုလုပ်ကျင်းပသည့် မွန်ပြည်နယ် ၂၀၁၈ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက တိုက်တွန်းပြောကြားခဲ့သည်။
“ဌာနဆိုင်ရာအပါအဝင် ရဲဝန်ထမ်းနဲ့ လုံခြုံရေးဝန်ထမ်းအားလုံး ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်ကြပါ၊ စည်ကမ်းချိုးဖေါက်ပြီးတော့ ပြောလိုဆိုမရတဲ့ သင်္ကြန်ပျော်ပါးမှုတွေကို ခွင့်ပြုလိုမရပါဘူး၊ ဒါကြောင့် ရဲရဲတင်းဆောင်ရွက်ကြပါ၊ ဥပဒေအရ ရဲရဲတင်းတင်းဆောင်ရွက်တဲ့နေရာမှာ အားလုံးရဲ့အနောက်မှာ ကျွန်တော် မားမားမတ်မတ် ရပ်တည်ပြီးတော့ ကျွန်တော် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။
အုပ်ချုပ်ရေးကဏ္ဍတွင်ရှိသော ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲဝန်ထမ်းများအားလုံး ရဲရဲရင့်ရင့် မြန်မြန်ထက်ထက် လုပ်ဆောင်ကြရန်၊ အလိုလိုက်ပြီး အလျော့ပေးမှုများ မလုပ်ကိုင် မဆောင်ရွက်ကြရန်နှင့် မော်လမြိုင်သင်္ကြန်နှင့် ရိုးဂိုးသင်္ကြန်ကို အထူးကြပ်မတ်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။
“ဆိုင်ကယ်တွေအနေနဲ့ကတော့ ကမ်းနားကို ဝင်ရောက်ခွင့်မပြုထားတဲ့ သတ်မှတ်ထားတဲ့နေရာတွေကို လုံးဝမပေးဝင်ပါနဲ့ ဆိုင်ကယ်တွေ ဝင်ခြင်းအားဖြင့် လမ်းလျှောက်သင်္ကြန်ဟာ အရုပ်ဆိုးအကြည်းတန်စေမှာဖြစ်ပါတယ်၊ အဲဒီတော့ တိတိကျကျ အရေးယူပါ၊ နောက်ပြီးတော့ ကျွန်တော်တို့ သင်္ကြန်မတိုင်ခင် ကတည်းကချမှတ်ထားတဲ့ ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းရမယ်၊ နောက်ကြည့်မှန်တတ်ရမယ်၊ ဆိုင်ကယ်စီးရင် နားချပ်တပ်သီချင်းနားထောင်လို့မရဘူး၊ ဒီစည်းမျည်းတွေ ကျူးလွန်တဲ့သူတွေကိုလဲ သင်္ကြန်မို့ ခွင့်လွှတ်လို့မရဘူး၊ အဲဒါကိုလည်းကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ဒေါက်တာအေးဇံက ဆိုသည်။
မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေခြင်း၊ ပဋိပက္ခဖြစ်စေသော အုပ်စုအချင်းချင်း ရန်ဖြစ်ခြင်းများ လုံးဝသည်းခံခွင့်လွှတ်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့(သင်္ကြန်အကြိုနေ့)မှ ဧပြီလ ၁၇ ရက်နေ့( နှစ်ဆန်းတစ်ရက်နေ့)ထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အတတ်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဘုရင်ရုံရုပ်ရှင်ရုံမှ ထားဝယ်တံတားထိ မွန်းလွဲပိုင်းများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သိရသည်။







