မြန်မာမီးရထားလုပ်ငန်းနှင့် မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီလီမီတတ်တို့ အကျိုးပူးပေါင်း၍ ရန်ကုန်-မော်လမြိုင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုမည့် ပထမအသုတ် ဂျပန်နိုင်ငံမှ ဝယ်ယူထားသော Aircon RBE ရထားတွဲ ၁၈ တွဲ သီလဝါဆိမ်းကမ်းသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီလီမီတတ်မှ သိရသည်။
ပထမအသုတ်ဝယ်ယူထားသော Aircon RBE ရထားတွဲ ၁၈ တွဲဖြင့် မြန်မာမီးရထားဌာန၏ သတ်မှတ်ထားသောပြေးဆွဲခွင့် စည်းမျဉ်းစည်းကမ်းနှင့် အညီ မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်များနှင့် ဒုတိယအသုတ် Aircon RBE ရထားတွဲ ၁၅ တွဲ ရောက်ရှိပါက ရန်ကုန်-ကျိုက်ထိုနှင့် ကျိုက်ထို-ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ မော်လမြိုင်-ကျိုက်ထိုနှင့် ကျိုက်ထို-မော်လမြိုင် ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီလီမီတတ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းထိန်က ပြောသည်။
ရန်ကုန်-ကျိုက်ထိုခရီးစဉ်များနှင့် မော်လမြိုင်-ကျိုက်ထို ခရီးစဉ်များကို ကျိုက်ထိုဘူတာမှ ကင်မွန်းစခန်းထိ ဘုရားဖူးများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ကျိုက်ထိုဘူတာ အရှေ့ရှိ မီးရထားပိုင်မြေ နှစ်ဧကတွင် ခရီးသည် နားနေဆောင်၊ ယာဉ်ရပ်နားစခန်းနှင့် တည်ခိုးခန်းများတည်ဆောက်ရန် မီးရထားဖြင့် အကျိုးတူလုပ်ငန်း ဆက်စပ်သောအဆောက်အဦးများ တည်ဆောက်ရန် မြေနေရာအား နှစ်ရှည်ဌားရမ်းခွင့်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန်ကို Aircon RBE ရထားတွဲ သုံးတွဲဖြင့် မေလတွင် စမ်းသပ် ခုတ်မောင်းမည်ဖြစ်ပြီး ခရီးစဉ်များ စတင်ပြေးဆွဲရန် မြန်မာမီးရထားနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ခရီးသွားပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်သောနေရာများတွင် လက်မှတ်အရောင်းစင်တာများ ဖွင့်လှစ်ခြင်း၊ အေးဂျင့်များမှ တစ်ဆင့် လက်မှတ်ရောင်းချခြင်း၊ Mobile အပလီကေးရှင်းများ အသုံးပြုပြီး Oline မှ ဝယ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများပေါ်မှုတည်၍ ရန်ကုန်အဝင်ရှိ အချို့ဘူတာများတွင် ရပ်နားခွင့်ရန် မြန်မာမီးရထားနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မော်လမြိုင်၊ သထုံ၊ ကျိုက်ထိုနှင့် ရန်ကုန်စသည့် ခရီးသည်အတတ်ဆင်းများသောနေရာများတွင် ခရီးသွားပြည်သူများ သက်တောင့် သက်သာနားနေနိုင်ရန် WiFi၊ Aircon၊ သန့်စင်ခန်းများ တပ်ဆင်၊ ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီလီမီတတ်သည် ငွေကျပ်သိန်း နှစ်သောင်းခွဲ ရင်းနှီးမြှုပ်ထားကြောင်း အဆိုပါ ကုမ္ပဏီလီမီတတ််မှ သိရသည်။
ရန်ကုန်ဘူတာမှ ပဲခူးဘူတာထိ ၄၆ ဒဿမ ၅ မိုင်ကို ( JACA) က ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး ပဲခူးဘူတာမှ စစ်တောင်းတံတားထိ ၃၁ မိုင်၊ စစ်တောင်းတံတားမှ တောင်စွန်းဘူတာ ၃၂ ဒဿမ ၅ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း၊ တောင်စွန်းဘူတာမှ ရင်ငြိမ်းဘူတာထိ ၃၇ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ရင်ငြိမ်းဘူတာမှ မော်လမြိုင်ဘူတာထိ ၃၀ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာမီးရထား(တိုင်းအမှတ်-၈) အင်ဂျင်နီယာရုံးမှ သိရသည်။
ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပါက ရန်ကုန်-မော်လမြိုင် မီးရထား ခုတ်မောင်းချိန် ခြောက်နာရီ၊ ခုနှစ်နာရီသာ ကြာမြင့်မည်တော့မည်။
ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းကို မုတ္တမ ကွန်ကရစ်ဇလီဖာတုံးစက်ရုံမှ ထုတ်လုပ်သော ကွန်ကရစ်ဇလီဖာတုံးများ၊ ပေါင်ဘူတာရုံရှိ ကိုးချောင်းဆက်သံလမ်းအလုပ်ရုံမှ ကိုးချောင်းဆက်သံလမ်းများနှင့် မွန်ပြည်နယ်ရှိ ကျောက်မိုင်းများမှ ထွက်ရှိသော ကျောက်များဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြန်မာမီးရထား ကိုယ့်ထူကိုယ့်ထအစီအစဉ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းကို ( JACA)မှ လည်းကောင်း၊ ရန်ကုန်-ပြည် မီးရထားလမ်းပိုင်းကို ( ADB )မှ လည်ကောင်း၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းကို ( KOICA )မှ လည်းကောင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာမီးရထား(တိုင်းအမှတ်-၈) အင်ဂျင်နီယာရုံးမှ သိရသည်။







