ချင်းပြည်နယ်၏ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းတွင် တရားမဝင် ဖမ်းစီးရမိသော မော်တော်ယာဉ်များကို တစ်ဖက်နိုင်ငံမှ လူစုပေါင်း ၅၀ ကျော်က ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အတင်းလုယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မီဖိုရမ်ပြည်နယ်မှ မြန်မာနိူင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၇ တွင် တရားမဝင် ကျူးကျော်မှုဖြင့်ဖမ်းစီးရမိထားသောကားအစီးရေ ၂၁ စီးကိုမီဇိုရမ်းပြည်နယ် Melbuk ရွာလူငယ်ဟု ယူဆရသော လူစုပေါင်း ၅၀ ကျော်မှ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ကားများထားရှိသောတီအိုချောင်းဘေးတွင်အစောင့်ရဲများကို ခြိမ်းခြောက်ကာ ကားအစီးလုံးကို မီဇိုရမ်ပြည်နယ်သို့ လုယူရခြင်းဖြစ်သည်။
ရိခေါဒါရ် ထွေအုပ် ဦးမျိုးမြင့်အောင်က “ရဲအစောင့် ၅ ယောက်ရှိတယ်၊ အဲဒီမှာ လူပေါင်း ၅၀ ကျော်က တုတ်၊ ဓါးတွေနဲ့ပေါ့ လာပြီးတော့ ကြိုးတွေနဲ့ ရဲတွေကို တုတ်ထားတယ်၊ ကား ၂၁ စီးလုံးကို သူတို့ပြန်ယူသွားကြတယ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းထားတာ၊ တစ်ဖက်နိူင်ငံက ကျူးကျော်ပြီးမှ ကျွန်တော်တို့နိုင်ငံဘက်က ဖမ်းထားတာပါ၊ အန္တရာယ်တဲ့သူတော့ မရှိဘူး၊ သနပ်တွေလည်း ဘာမှမယူဘူး” ဟု Chin World သတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တစ်ဖက်နိုင်ငံတာဝန်ရှိသူ ရဲတပ်ဖွဲ့များနှင့် ပြည်တွင်းတာဝန်ရှိသူများ ပူးပေါင်း၍ မော်တော်ယာဉ်လို့ယူသော တရားခံများကို ရှာဖွေနေကြောင်း သိရသည်။
ဖမ်းစီးရမိသော မော်တော်ယာဉ်များသည် ၂၀၁၇ ခုနှစ်၊ နိူဝင်ဘာလ ၃၀ ရက်နေ့တွင် Melbuk ရွာမှ တရားမဝင် မြေဆီများကို သယ်ဆောင်လာပြီး၊ ချင်းပြည်နယ်၊ Haimual တွင် အောက်လမ်းများဖြင့် သယ်ဆောင်သည့် ယာဉ်များဖြစ်ကြောင်း သိရသည်။







