တီးတိန်တွင် ရေကြီး၍ ဘုရားကျောင်းနှင့် အိမ်များ မျောပါ၊ ရွာ ၃ ရွာ ဆက်သွယ်ရေး ပြတ်တောက်

တီးတိန်တွင် ရေကြီး၍ ဘုရားကျောင်းနှင့် အိမ်များ မျောပါ၊ ရွာ ၃ ရွာ ဆက်သွယ်ရေး ပြတ်တောက်

ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့် ရေတိုက်စားမှုများကြောင့် မာရာနသ AG ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းမှစတင်၍ ကွဲချောင်းရေ ရုတ်တရက် တက်လာခြင်းဖြစ်ပြီး Maranatha AG ဘုရားကျောင်းအပြင် နေအိမ်အချို့လည်း ရေတိုက်စား၍ မျောပါသွားခဲ့သည်။

ခိုင်ကမ်း ဒေသခံတစ်ဦးက “မိုး ၄ ရက် ဆက်တိုက် ရွာပြီး နောက်ပိုင်းမှာ အခုလို ကွဲချောင်းရေ ကြီးလာတာပါ။ ရေစီးကြောင်းက အမြဲပြောင်းနေတယ်။ အရှိန်နဲ့ ပြေးဆင်းလာတော့ ဒီမနက်ဆို ချောင်းကူး ကွန်ဂရက်တံတား ကြီးပါ တုန်သွားတယ်။ အေဂျီ ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တစ်လုံးတော့ ဘာမှယူချိန်တောင်မရဘဲ ရေစီးနဲ့ပါ သွားတယ်။ တချို့ ရေလမ်းသင့်နိုင်တဲ့ နေအိမ်တွေ ပစ္စည်းရွှေ့နေကြပါတယ်” ဟု ပြောသည်။

ကွဲချောင်းရေသည် မွန်းလွှဲပိုင်းအထိ ရေကျမသွားဘဲ ဆက်လက်တက်နေဆဲဖြစ်ရာ ချောင်းဘေးနှင့် နီးသည့် နေအိမ်များပါ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပြီး၊ ယခုဖြစ်စဉ်သည် ၂၀၁၅ ခုနှစ် ချင်းတောင်နှင့် ကလေး ရေဘေးနောက်ပိုင်း အပြင်းထန်ဆုံး ရေကြီးမှုတစ်ခုဖြစ်ကြောင်း ဆိုကြသည်။

ထို့ပြင် ကလေးမြို့အတွင်း၌လည်း ဥပုဿ်ချောင်းရေ တက်လာသဖြင့် အချို့ရပ်ကွက်များအတွင်း ရေလျှံနေ သောကြောင့် ရပ်ကွက်နေ ပြည်သူအချို့ ရေဘေးစတင်ရှောင်နေရသလို အစိုးရကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းအချို့ကိုပါ ခေတ္တပိတ်ထားရကြောင်း ကျောင်းသားမိဘများက ဆိုသည်။

အလားတူ စက်တင်ဘာလ ၁ ရက် မနက်လင်းအားကြီးချိန်တွင်လည်း တီးတိန်မြို့နယ်၊ ကိမ်လိုင်ကျေးရွာအနီးရှိ နတ်တံခါးချောင်း (Tuingo ချောင်း)ရေ ရုတ်တရက် အရှိန်ဖြင့် တက်လာ၍ ရွာသားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကြိုးတံတား ကျိုးကျသွားခဲ့ရာ ကိမ်လိုင်၊ မောင်းလန်းနှင့် တတ်လမ်ကျေးရွာတို့မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည်။

ကိမ်လိုင်ရွာသားတစ်ဦးက “မိုးဆက်တိုက်ရွာတာက အခုဆိုရင် ၃ ရက် ရှိပါပြီ။ တနင်္ဂနွေနေ့ ညဆိုရင် မိုးအရမ်း များတယ်။ တနင်္လာနေ့ ညနေ ၅ နာရီ ဝန်းကျင် ရောက် လာတော့ ချောင်းဖျားဘက်မှာ မြေပြိုပြီးတော့ ပိတ်မိ တာတွေ၊ ချောင်းရေက တံတားခင်းကို မှီသွားပြီး တစ်ညလုံး ပုခက်လို ရေအဟုန်နဲ့ လွှဲနေခဲ့တယ်။ မနက်ရောက် တော့ သစ်သားတိုင်တွေကျိုးကျပြီး ဘာမှရစရာ မကျန်တော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လများကလည်း မိုးကြီးမှုကြောင့် တံတားထိခိုက်နိုင်မည့် အခြေအနေများ ကြုံခဲ့ရဖူး ပြီး ချောင်းရေကြီးသည့်အခါတိုင်း မြေတူးစက် (JCB) ဖြင့် ရေလမ်းကြောင်း တည့်ပေးကာ ထိန်းသိမ်းခဲ့သော် လည်း ယခုတစ်ကြိမ် ရေကြီးမှုမှာ ရေလမ်းကြောင်း ထိန်းမရတော့ဘဲ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ရွာသားက “အခု ချောင်းနဲ့ပါသွားတဲ့ ကြိုးတံတားက ရွာသားတွေ ၂၀၂၅ ခုနှစ် မှာ ကျပ်သိန်းပေါင်း ၂၃၀ အကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့တဲ့ သစ်လုံးတိုင် ကြိုးတံတားပါ။ အသုံးပြုလို့ မရတော့ဘူး။ တတ်လမ်ရွာကတော့ ဒိမ်ဇန်ရွာဘက်က‌နေ ထွက်လို့ရနိုင်တယ်။ ဒါပေမယ့် ကိမ်လိုင်ရွာနဲ့ မောင်းလန်းရွာ အလွန် မှာ တံတားမရှိတဲ့ နတ်ဥယျာဉ်ချောင်း ရှိတာကြောင့် အဲ့ရွာ နှစ်ခုကတော့ ချောင်းနှစ်ခုကြားမှာ ပိတ်မိနေကြပြီ” ဟု ဆက်ပြောသည်။

နတ်တံခါးချောင်းကူး ကြိုးတံတား ကျိုးကျသွားသည့်အတွက် တီးတိန်မြို့နယ်အတွင်းရှိ ကိမ်လိုင်ရွာအပါအဝင် ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ပြည်သူ ၁,၀၀၀ ခန့်မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ပိတ်မိနေကြသည်။

Most read this week

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...