ကျားဖောင်အလုပ်သမားတစ်ဦးကို ပြင်းထန်စွာနှိပ်စက်ခဲ့သော ဖောင်ဦးစီးအား အရေးယူမည့်သူမရှိဟုဆို

ကျားဖောင်အလုပ်သမားတစ်ဦးကို ပြင်းထန်စွာနှိပ်စက်ခဲ့သော ဖောင်ဦးစီးအား အရေးယူမည့်သူမရှိဟုဆို

မွန်ပြည်နယ် ကျိုက်ခမီပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေသည့်အလုပ်သမားတစ်ဦးကို ဖောင်ဦးစီးများ၏ ညှင်းပန်းနှိပ်စက်မှုခံရပြီး ကျိုက်ခမီတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော်လည်း ညှင်းပန်းနှိပ်စက်သူ ဖောင်ဦးစီးအား တိုင်ကြားသူမရှိသဖြင့် အရေးယူခံရခြင်းမရှိသေးကြောင်း ကျူးလွန်ခံရသူထံမှ သိရသည်။

အဆိုပါအလုပ်သမားဖြိုးကိုကိုသည် ဆေးရုံသို့ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သတိမေ့မြော၍ ရောက်ရှိလာကြောင်း၊ လူနာတွင် စိုးရိမ်ဖွယ်ဒဏ်ရာများကိုတွေ့ရသည့်အပြင် အားအင်ပြတ်လပ်သည့်လက္ခဏာကိုပါ တွေ့ရကြောင်း တာဝန်ခံတိုက်နယ်ဆရာဝန် ဒေါက်တာသန်းဌေးအောင်ကပြောသည်။

‘လာတဲ့အချိန်မှာလူနာက သတိမရှိတော့ဘူး။ သူ့မိတ်ဆွေအမျိုးသမီးတစ်ယောက်နဲ့ ဆေးရုံရောက် လာတယ်။ အရမ်းအင်အားချိနဲ့ပြီး တစ်ကိုယ်လုံးမှာပွန်းရာရှရာ ဒဏ်ရာတွေရှိတယ်။ လူနာစိတ်ပူရတယ်။ မော်လမြိုင်သွားလိုက်လို့ ကျွန်တော်ပြောတယ်။ လူနာစောင့်တဲ့အမျိုးသမီးက လူမှုရေးအခက်အခဲရှိလို့ ဒီမှာပဲဆက်ကုဖို့ အကူညီတောင်းတယ်။ ဒူခေါင်းတွေမှာလဲ ထိခိုက်ဒဏ်ရာတွေရှိတယ်။ ကတုံးတုံးလိုက်တော့ ခေါင်းမှာဒဏ်ရာထပ်တွေ့တယ်။ ခေါင်းမှာဆံပင်ပေါက်တဲ့အလွှာက ညိုပြီးတော့ အပြည်ပေါက်နေတယ်။ စရောက်ချိန်မှာတော့ စိတ်ပူရတဲ့အခြေအနေမှာရှိတယ် အခုတော့သက်သာနေပြီး” ဟု ဒေါက်တာသန်းဌေး အောင်ကပြောသည်။

အဆိုပါအလုပ်သမားဖြိုးကိုကိုသည် ကျိုက်ခမီကျားဖောင်လုပ်ငန်းခွင့်သို့ ပွဲစားများ၏ ဆက်သွယ်မှုဖြင့် ရောက်ရှိခဲ့ကြောင်း၊ ပင်လယ်အတွင်းလုပ်ငန်းခွင်ဝင်ချိန် လေးလတွင် သုံးလခန့်မှာတစ်ရက်ခြားတစ်ခါ ပူလီကြိုးဖြင့် ရိုက်ခံထိကြောင်း၊ ပင်လယ်တွင်းရောက်ခါစတွင်သာထမင်းဝအောင်ကျွေးပြီး နောက်ပိုင်းတွင် ဝအောင်မကျွေးတော့ကြောင်း နှိပ်စက်ခံရသူ ဦးဖြိုးကိုကိုကပြောသည်။

“ပင်လယ်ထဲရောက်တော့ လုပ်ငန်းသဘာဝနားမလည်တော့ ဘယ်လှေသွားရမှန်းမသိဘူး။ ပဲ့နင်းကို မေးတော့ လှေချပေးမယ်ဆိုတော့ ကိုသန်းစိုးဆီရောက်တယ် အဲ့လှေက ကျွန်တော်လုပ်တာမကြိုက်ဖူးဆိုပြီး လှေချိန်းလိုက်တယ် အခုလုပ်တဲ့လှေရောက်လာတယ် လှေတစ်စီးမှာ လူသုံးယောက်ရှိတယ်။ အဲ့မှာလုပ်တာ သူတို့မကြိုက်ဘူး မကြိုက်ရင်မကြိုက်ဘူးပြောပေါ့ အရာရာမှာလက်မပါနဲ့ ကျွန်တော်ဒဏ်ရာတွေက တဖြေး ဖြေးများလာတယ် အနာရှိန်နဲ့ဖျားသလိုဖြစ်ပြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး အဲ့ချိန်ထိကမ်းတင်ဖို့ ကျွန်တော့် ကိုဘာမှမပြောဘူး နောက်ဆုံးတော့ ကျွန်တော်မခံနိုင်တော့ဘူး ကိုယ့်ကိုကိုသိတယ် ဆေးရုံမတက်ရင် ပင်လယ်ထဲမှာသေမှာ အဲ့လိုစဉ်းစားပြီးငါးလာပေါင်းတဲ့လှေအသေးမှာ ခပ်တည်တည်နဲ့တက်ပြီး အိပ်လိုက်တယ် ကမ်းရောက်တော့လမ်းနည်းနည်းလျှောက်ပြီး မှေးလိုက်တာသတိလစ်သလိုဖြစ်သွားတယ် နိုးလာတော့ ဆေးရုံရောက်နေတယ် ဆိုင်ကယ်သမားတစ်ယောက်လိုက်ပို့ပေးတာ “ ဟု ၄င်းကပြောသည်။

အဆိုပါအလုပ်သမားဖြိုးကိုကိုသည် လှေပေါ်တွင်လုပ်ကိုင်နေစဉ်အတွင်း ဖောင်ဦးစီများကရိုက်နှက်ခြင်း ၊ ဒူခေါင်းကိုသံတူများဖြင့်ထုခြင်း ၊ထမင်းကိုဝလင်အောင်မကျွေးခြင်းတို့ကို ပြုလုပ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“ဖောင်ဦးစီးနဲ့ခုံစီးက ပူလီကြိုးနဲ့ရိုက်တယ် ထမင်းတောင်ဝအောင်မစားရဘူး အားပြတ်ပြီးအဲ့လိုဖြစ် သွားတာ ရောက်တုန်းကတော့စားချင်တာကျွေးတယ် နောက်ပိုင်းကျတော့စကေးနဲ့ပဲ ကျွေးတော့တယ် လှေမှာကသူတို့အကြီးနှစ်ယောက် ကိုယ်ကအငယ် ပူလီကြိုးနဲ့လည်ပင်းကိုရိုက်တာ ရှောင်လိုက်တော့ နားထိပြီးပြတ်ထွက်သွားတာ ဒူခေါင်းကိုတော့သံတူနဲ့ထုတယ် နှစ်ချက်ထုတာတစ်ချက်ပဲထိတယ် သူတို့ နှစ်ယောက်ဆိုတော့ ကိုယ်ကိုကြိုက်တဲ့အချိန်အနိုင်ကျင့်လို့ရတာပေါ့။ ဒီနှစ်ကောင် ငါ့ကိုဘယ်ချိန်များ အနိုင်ကျင့်မလဲဆိုတာ တွေးပြီးကြောက်နေရတယ် အိပ်ရမယ့်အချိန်တောင်ကြောက်ပြီး မအိပ်ဖြစ်ဘူး သူတို့ရန်ကိုကြောက်နေရတာ ရိုက်ခံရတဲ့အကြိမ်ရေကတော်တော်များတယ် တစ်နေ့ခြားတစ်ခေါက်လောက် ရိုက်ခံထိတယ် ထမင်းကိုပန်းကန်နဲ့တောင်မကျွေးတော့ပဲ ဘောသီးအမဲကိုခွဲပြီးအဲ့တာနဲ့စားရတယ် သူတို့ ကဟင်းနဲ့စားပြီး ကျွန်တော်ကငါးခြောက်နဲ့စားရတယ်” ဟု ဖြိုးကိုကိုကပြောသည်။

ပင်လယ်တွင်း၌ ထိုကဲ့သို့နှိပ်စက်ခံနေရသော်လည်း လှေပိုင်ရှင်များနှင့် ဆက်သွယ်ခွင့်မရသည့် အတွက်အကူညီမရခဲ့ကြောင်း၊ ပူလီကြိုးဖြင့်လိုက်ရိုက်သည့်အတွက် ရေထဲသို့နှစ်ကြိမ်တိုင် ခုန်ချထွက်ပြေးခဲ့ရ ကြောင်း ဦးဖြိုးကိုကိုကပြောသည်။

“ရေထဲခုန်ချချင်တဲ့စိတ်တွေဖြစ်တယ် ရေထဲနှစ်ခါခုန်ချဖူးတယ် ကံကောင်းလို့မသေတာ နောက်ဆုံး ခေါက်က ညဘက်သူတို့ရိုက်လို့ရေထဲခုန်ချပြေးတာ ယက်ကန်းယက်ကန်းနဲ့ရေကူးနေတာ ကမ်းနားရောက် တော့မယ် မနက်ရောက်တော့ ကျွန်တော်နောက်ကိုလှေနဲ့လိုက်လာကြတယ် အဲ့လှေကိုပဲပြန်ပို့တယ် အညှိးတွေနဲ့ပိုပြီးချတာပေါ့ အတွင်းကြေတွေရော အပြင်ကြေတွေရောများလာတော့ မခံနိုင်တော့ဘူးလေ ၃ လ လောက်အရိုက်ခံပြီးလုပ်နေရတယ် “ဟု ပြောသည်။

ဖြိုးကိုကိုအနေဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း လှေပိုင်ရှင်များက ဆေးကုသစရိ်တ်များ ထုတ်ပေးသော်လည်း နှိပ်စက်သူဖောင်ဦးစီးနှစ်ဦးအား အမှုဖွင့်အရေးယူပေးရန် ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကျားဖောင်လုပ်ငန်းလုပ်ကိုင်သည့် ကျိုက်ခမီပင်လယ်ပြင်နှင့် ရေးပင်လယ်ပြင်တို့တွင် နှစ်စဉ်လူအသေပြောက်များလျက်ရှိပြီး ၂၀၁၇ ခုနှစ်စားရင်းအရ ကျိုက်ခမီပင်လယ်ပြင်တွင် ၂၉ မှု၊ ရေးပင်လယ်ပြင်တွင် အမှု ( ၆၀) ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...