မွန်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တောင်းစက္ကူစက်ဝန်ထမ်းများဘက်မှ ရပ်တည်ပေးရန် စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၀၀ ကျော် ဒုတိအကြိမ် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တောင်းစက္ကူစက်ဝန်ထမ်းများဘက်မှ ရပ်တည်ပေးရန် စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၀၀ ကျော် ဒုတိအကြိမ် ဆန္ဒထုတ်ဖော်
by -
နောင်ခန့်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံမှ ဝန်ထမ်းများ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တောင်းစက္ကူစက်ဝန်ထမ်းများဘက်မှ ရပ်တည်ပေးရန် စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၀၀ ကျော် ဒုတိအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဒေါ်ဥမ္မာမွန်က ပြောသည်။

ဒေသအလုပ်ကိုင်အကိုင်ရရှိရေး၊ လွှဲပြောင်းခံဝန်ထမ်းများ ဘဝအာမခံချက်ရရှိရေး၊ နစ်နာကြေးမယူသော ဝန်ထမ်းများအား လစာပုံမှန်ထုတ်ပေးရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပေးရေး၊ ရွှေသံလွင် ပျက်ကွက်မှုများအား အရေးယူရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်မတို့ ရည်ရွယ်ချက်က အရင်ကလည်းပြောခဲ့တယ်၊ လစာပုံမှန်နစ်နာကြေး ၅ လစာပေးပြီး အလုပ်က နေရပ်ခိုင်းတာကို မလိုချင်ဘူး၊ လစာပုံမှန်ပေးပါလို့ပြောတယ် ဒီဇင်ဘာလအတွက် လစာမပေးတဲ့အတွက် ဆန္ဒပြတာပါ”ဟု ဒေါ်ဥမ္မာမွန်က ပြောဆိုသည်။

ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်အပြီး စစ်တောင်းစက္ကူစက်ဝန်ထမ်းများ တောင်းဆိုချက်ကို လိုက်လျော့မှု မရှိပါက နေပြည်တော်တွင် စစ်တောင်းစက္ကူစက်ဝန်ထမ်းများ တတိယအကြိမ် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရွှေသံလွင်က ၂၀၁၁ ခုနှစ်မှ စက္ကူကို လွှဲပြောင်းယူလိုက်တာ၊ အဲ့ချိန်တုန်း ကျွန်မတို့ နိုင်ငံဝန်ထမ်းပဲ သုံးနှစ်ကြာတော့မှ စက်မှုဌာနကရော ရွှေသံလွင်ကပါ ပြောင်းဖို့ ဖိအားတွေပေးတယ်၊ ၂၀၁၄ ခုနှစ်ရောက်တော့ ရွှေသံလွင်ကိုပြောင်းလိုက်တယ် အဲ့ချိန်ကစပြီး ရွှေသံလွင်က အဆောက်အုံတွေဖျက်တယ် အသစ်ပြန်ဆောက်မယ်ဆိုပြီးတော့ ခုချိန်ထိဘာမှမဆောက်ရသေးဘူး ဘာအလုပ်မှမလုပ်ဘူး”ဟု ဒေါ်ဥမ္မာမွန်က ဆက်လက်ပြောသည်။

စစ်တောင်းစက္ကူစက်ရုံမှ မြေဧရိယာ ၆၉၈ ဒဿမ ၄၂ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ လျှပ်ဓါတ်အားခွဲရုံများ၊ Transfomer များ၊ ရေပေးဝေရေးစက်ရုံနှင့် ဆက်စပ်ပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာအဆောက်အဦးများ(ပတ္တမြားရပ်ကွက် ဝင်ကြီး)နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်မှုကုန်ကြမ်းစိုက်ခင်းမြေ ၉ ဒဿမ ၉၃၀ ဧကအတွက် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတတ်မှ အစိုးရအဖွဲ့ကိုယ်စား စိုက်ထုတ်ပေးသွင်းငွေကျပ် ၄၆၄ ဒဿမ ၅၀၁ သန်းတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်လှူဒါန်းရန် ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီးဖြစ်၍ လုပ်ငန်းဆက်လက်ဆောင်ရွက်ရန် မရှိတော့ သဖြင့် ၃၀.၁၁.၂၀၁၇ ရက်မှ စစ်တောင်းစက္ကူစက်ရုံအား ပိတ်သိမ်းကြောင်း ရွှေသံလွင် ကုမ္ပဏီလီမိတတ်မှ ကြေညာခဲ့သည်။

စစ်တောင်းစက္ကူစက်ဝန်ထမ်းများ ပထမအကြိမ် ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း စစ်တောင်းစက္ကူစက်ဝန်ထမ်းများထံမှ သိရသည်။

အမှတ် (၁) စစ်တောင်းစက္ကူစက်ရုံကြီးသည် မြန်မာနိုင်ငံတွင်ရှိသောပျော့ဖတ်နှင့် စက္ကူစက်ရုံသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သောစက်ရုံဖြစ်ပြီးမြန်မာ - တရုတ်စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်သောသဘောတူစာချုပ်အနေဖြင့် ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်ရေးဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၀ - ၁၉၇၁ ခုနှစ်တွင် စမ်းသပ် လည်ပတ်ခဲ့သည်။

စစ်တောင်းစက္ကူစက်ရုံသည် နှစ်ပေါင်း ၄၀ လည်ပတ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှ စတင်၍ ရွှေသံလွင် ပုဂ္ဂလိကကုမ္ပဏီသို့လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူလုပ်ငန်းရှင်ကြီးများအသင်းမှ သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...