လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက် ဖြစ်ထွန်းပြီး၊ လူငယ်များအတွက် နေပျော်ဖွယ်ကောင်းသော ပြည်နယ်တစ်ခုဖြစ်လာအောင် ၂၀၁၈ အတွင်း လူငယ်များနှင့် အတူလက်တွဲ၍ အထူး အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်မှ နှစ်သစ်တွင် ကတိပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဝန်းကြီးချုပ်မှ အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင် ချိန်မှစပြီး ချင်းပြည်နယ်သူ ပြည်နယ်သားများ၏ ထောက်ခံ ဝန်းရံမှုနှင့်အတူ၊ ပြည်သူလူထုနှင့် လက်တွဲလျှက် ချင်းပြည်နယ်နှင့် ချင်းလူမျိုးတို့၏ အကျိုးစီးပွားအတွက် မဆုတ်မနစ်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားအားထုတ်လျှက်ရှိသကဲ့သို့၊ ယခုရောက်ရှိလာသည့် ၂၀၁၈ ခုနှစ်တွင်လည်း ဆထက်ထမ်းပိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့သည်။
ထို့အပြင် နှစ်သစ်မှစပြီး ချင်းပြည်နယ်အတွင်း မြို့ပြများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားလုပ်ငန်းနှင့် တစ်ပိုင်တနိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပါအဝင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် သောက်သုံးရေ စသည့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆက်လက်ဦးစားပေးရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တောင်ဇလပ်နှင့် ချင်းတောင်ချယ်ရီ၊ အောက်ချင်းငှက်နှင့် မျက်ခုံးဖြူ ငှက်ပြာခြောက် စသည်တို့အပါအဝင် ချင်းတောင်များရှိ သစ်တောသယံဇာတနှင့် ရှားပါး သားငှက်တိရိစ္ဆာန်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ချင်းတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရှားပါးဓလေ့အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ချင်းပြည်နယ်အတွင်း အတူတကွ နေထိုင်ကြသူများအချင်းချင်း အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနှင့် သဟဇာတ ဖြစ်မှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်စောင့်ရှောက်ခြင်းများကို ဆက်လက် အားပေး မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ (၁) ရက်နေ့တွင် နှုတ်ခွန်းဆက်စကား ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ချင်းပြည်နယ်အတွင်း မြို့နယ်နှင့် မျိုးနွယ်စုများအချင်းချင်းကြား မျှတသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်မျှသောပါဝင်မှု ဆက်လက်ခိုင်မာစေရေး၊ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန် ခိုင်မာ စေရေး၊ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်အဆင့်မှ အမြန်ဆုံး လွှတ်မြောက် နိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။







