လင်းခေးမြို့ မြောက်ဘက် ရှိ နောင်လုံကျေးရွာအုပ်စု သည် နမ့်တိန်းချောင်း အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည် ။
အဆိုပါ ရွာမှ နမ့်တိန်းချောင်းအတိုင်း ဆန်တက်ပါက မြန်မာနိုင်ငံတွက် လျှပ်စစ်ဓါတ်အား အများဆုံးထွက်ရှိသည့် ဇုံအန်ရေတံခွန် ခေါ် ကျိုင်းတောင်း ရေတံခွန် ရေအားလျှပ်စစ် ထုတ်လုပ်သည့်နေရာသို့ ရောက် ရှိသော်လည်း နောင်လုံအုပ်စုဝင်များ လျှပ်စစ်မီးရရှိခြင်းမရှိကြောင်းသိရသည်။
ကျိုင်းတောင်း ရေတံခွန်မှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်မီးအား ကျိုင်းတောင်း မြို့ဘက်မှ နေပြည်တော်သို့ တိုက်ရိုက်သွယ်တန်းကြောင်း၊ လင်းခေးမြို့သို့ သွယ်တန်းမှုရှိသော်လည်း နောင်လုံဒေသခံများအတွက် လျှပ်စစ်မီးသွယ်တန်းပေးခြင်းမရှိကြောင်းဒေသခံများထံမှသိရသည်။
သည့်အတွက် ကျေးရွာအနီးရှိရေတံခွန်မှ လျှပ်စစ်ဓါတ်အား ရရှိရန် နမ့်တုတ် ရွာဇာတိ ရန်ကုန် ကိုးမိုင် သျှမ်းကျောင်းတိုက် – တိုက်အုပ် ဆရာတော် ကူညီပေးမှုကြောင့် ဂျပန်အလှူရှင်များကသျှမ်းပြည်နယ်အစိုး ရ မှတဆင့် လာရောက်လှူဒါန်းတပ်ဆင်ပေးခြင်းဖြစ်ကြောင်း ဒေသခံ များ ပြောပြချက်အရသိရသည် ။
“ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက စပြီးစီစဉ်တာ။ အခုအဲဒီစီမံကိန်းကနေ သူတို့မီးပေးနိုင်တာက နောင်လုံနဲ့ နမ့်တုတ် ၂ ရွာပေါ့။ နောင်လုံရွာမှာ အိမ်ခြေ ၁၀၀ လောက်ရှိတယ်။ ထရန်စဖော်မာတလုံးပေါ့။ နောက် နမ့်တုတ် ရွာမှာ အိမ်ခြေ ၁၂၀ ရှိတယ်။ ဒါလဲ ထရန်စဖော်မာတလုံး။ နမ့်တုတ်ရွာမှာ တအိမ် ကိုမီး ၂ ချောင်းပေးတယ်။ လမ်းမီးအတွက်က ၆၀ နဲ့ ဘုန်းကြီးကျောင်း အတွက်က ၅၀ မီဂါဝပ်ပေါ့။ လောလောဆယ်တော့ မီတာခတော့ ဘယ်မှာမှမပေးရဘူး။ ကိုယ့်သဘောနဲ့ကိုယ်။ ကောက်ချင်ကောက် မကောက်ချင်လဲရ ။ ရွာသားများသဘော။” – ဟု ရွာဖွံ့ဖြိုးတိုးတက်ရေးတွင် အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသည့် နမ့်တုတ်ရွာဖွား ဆရာတော် ဦးနိဂြောဓ က မိန့်တော်မူပါသည် ။
ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးစီမံချက်ဖြစ်သော ဂျပန် – မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက် မှုအဖြစ် ဂျပန်နိုင်ငံမှ အလှူရှင်များ အဖွဲ့က လင်းခေးမြို့နယ် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နောင်လုံအုပ်စု နမ့်တုတ်တောင်ကျ ရေတံခွန်တွင် အုပ်စုတွင်းလူထု လျှပ်စစ်မီးရရှိရေး
အတွက် ဟုဆိုကာ စက်ခေါင်းများ တပ်ဆင်လှူဒါန်းခဲ့ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့က ရေစက်ချအလှူပွဲကျင်းပပြီးခဲ့ကြောင်း – ဒေသခံများက ပြောသည် ။
“အခုစက်ကတပ်ဆင်လို့ပြီး သွားပြီ။ သူတို့ လည်းပြန်သွားကြ ပြီ။ အောက်ပြည်ကလာတဲ့ အလုပ်သမားတွေ လည်းပြန်သွားကြပြီ။ ထရန်စဖော်မာကနေ နေအိမ်အထိ မီးကြိုးသွယ်တန်းဖို့ကတော့ ရွာသားတွေ ကိုယ့်ဟာကိုယ် သွယ်ရမယ်။ အခုက နှမ်းရိတ်ချိန်နှမ်းရိုက် ချိန်ဖြစ်နေတော့ မသွယ်ရသေးဘူး။ တအိမ်မှာ မီး ၂ ချောင်းတပ်ခွင့်ရတယ်တဲ့။ ” – နမ့်တုတ်ဒေသခံ နန်းဟိန်းက သျှမ်းသံတော်ဆင့်အား ပြောသည် ။
သို့သော်လက်ရှိ လျှပ်စစ်မီးသွယ်တန်းရရှိပြီးသော ဒေသခံများမှာ မီးအားအလုံအလောက်မရရှိသေးကြောင်း နန်းဟိန်းကပြောပြသည် ။
“ ကျမတို့နမ့်တုတ်ရွာမှာ နေအိမ်က ၁၀၀ ကျော်ဘဲရှိတယ်။ အခု ပြီးသွားတာက ထရန်စဖော်မာနဲ့ နီးတဲ့ အိမ်တချို့ ဘဲပေါ့။ သူတို့အပြောအရတော့ မီးတလုံးဘဲ ထွန်းနိုင်သေးတယ်။ အဲတာ ကျမတို့တခုစိုးရိမ်နေ တာကတော့ နွေရာ သီ ရေခမ်းချိန်ဆိုရင် မီးတောင်ထွန်းနိုင်ပါ့မလား ပေါ့နော်။ အဲတာတခုပါဘဲ ။”
ရွာတွင်းသို့မီးကြိုးသွယ်တန်းရန် အမြင့် ၁၅ ပေဝန်းကျင်ရှိ ဓါတ်တိုင်ကို တအိမ်တတိုင် ရှာပေးရကြောင်း၊ လက်ရှိ တွင် နမ့်တုတ်ရွာတွင် တိုင်ပေါင်း ၅၀ နီးပါးခန့် စုဆောင်းရရှိထားပြီဖြစ်ကြောင်း ၊လယ်ယာလုပ်ငန်းပြီးစီးပါက အပြီးသွယ်တန်းမည်ဖြစ်ကြောင်း နမ့်တုတ်ရွာသားများကပြောသည် ။
အဆိုပါ လျှပ်စစ်မီးရရှိရေးအတွက် တည်ဆောက်ပြီးစီးမှုကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၄၀၀၀ ခန့်ဖြစ်ကြောင်း သိရသည် ။
“ လျှပ်စစ်မီးက ၂ ရွာအတွက်ဘဲ ။ ရေအားကိုအကုန်မသုံးဘူး။ သဘာဝပတ် ဝန်းကျင်ကိုလည်းမထိခိုက် အောင် လုပ် ပေးတယ်။ ကြည့်ရင်တော့ တကယ့်ကို လူထုအတွက် လုပ်ပေးဖို့သက်သက်ဘဲဖြစ်တယ် လို့မြင်ပါတယ်။” ဟု ဆရာတော်က မိန့်တော်မူပါသည် ။
မြို့နှင့် ၃ မိုင်မှ ၅ မိုင်အကွာရှိ ကျေးလက်တောရွာများအား ရေအားဖြင့် လျှပ်စစ် မီး ရရှိရေးဆောင်ရွက်ပေးနိုင်ရန် ဂျပန်အစိုးရမှ ကမ်းလှမ်းလာ သည့် အပေါ် သျှမ်းပြည်နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ရွာများစာ ရင်းအား သျှမ်းပြည်နယ်အစိုးရက ကောက်ယူထားခြင်းဖြစ်သည်။ ယင်းစာရင်းကို ဂျပန်အစိုးရနှင့်အလှူရှင်ထံ လွန်ခဲ့သည့် ၃ နှစ်ကတည်းက တင်ပြခဲ့ပြီး ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး ဂျပန်နိုင်ငံမှအလှူရှင်အဖွဲ့သည် မြန်မာအစိုးရနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအသီးသီးမှ သွားလာဆက်သွယ်ရန်ခက်ခဲသည့် ရွာပေါင်း ၃၁ ရွာကို လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည် ။







