အဆိုပါ ဘွလ်ပီးကွင်းရှိ ကျူးကျော်နေထိုင်သူများကို ရွေ့ပြောင်းရန်အစိုးရက နှစ်ကြိမ်တိုင်သတိပေးစာပေးပြီး စက်တင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စက်ယန္တာရားများဖြစ် ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“မနက်ဖြန်ကနေစပြီး သစ်ပင်စိုက်တော့မယ်တဲ့။ ပြည်သူတွေလား သစ်ပင်လားပိုအရေးကြီးတာ။ လူနေဖို့တောင်ခွင့်မပြုဘဲ မရှိသေးတဲ့ သစ်ပင်ကိုစိုက်မယ်ဆိုတာ ဘာသဘောလဲ။ ဒီနိုင်ငံမှာနေပြီးတော့ ဒီအစိုးရကိုအားကိုးလို့မရရင် ကျွန်မတို့ဘယ်သူ့ကိုသွားအားကိုးလို့ရတော့မှာလဲ။ အစိုးရမြေပိုင်ဖြစ်တယ်ဆိုတာမှန်တယ်။ အဲလိုပဲကျွန်မတို့လည်း အစိုးရရဲ့နိုင်ငံသားတွေဖြစ်တယ်။ အရင်ကျွန်မတို့နေတဲ့ နိမ်ဇောလ်ရွာကမြေပြိုတယ်။ ကလေးမြို့ကနေ ၁၂ မိုင်ဝေးတယ်။ ကျန်းမာရေးဝန်ထမ်းလည်းမရှိ၊ ဆေးရောင်းတဲ့သူလည်းတစ်ယောက်မှမရှိတဲ့တွက် လမ်းတွေလည်းဆိုးရွားလာတော့ သမီးရဲ့ကျန်းမာရေးအခြေအနေကြောင့် ဒီနေရာကိုပြောင်းလာခဲ့တယ်”ဟု နိမ်ဇောလ်ကျေးရွာမှ ဘွလ်ပီးသို့ပြောင်းရွေ့လာသူတစ်ဦးက ပြောသည်။
ဘွလ်ပီးကွင်းရှိ လူနေအိမ်များကို စက်ယန္တာရားများဖြင့် ပြည်နယ်အစိုးရ အကြမ်းဖက်ဖျက်ဆီးမှုပေါ်တွင် ထောက်ခံသူနှင့် ကန့်ကွက်ဝေဖန်သူများလည်းရှိသည်။
“လူလည်းအရေးကြီးတယ်။ သစ်ပင်လည်းအရေးကြီးတယ်။ အဲဒီကြားထဲမှာ ဥပဒေကအရေကြီးတယ်။ လူကတော့ဥပဒေကိုသိတယ်ပေါ့နော်။ သစ်ပင်ကမသိဘူး” ဟု ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တူဝန်ကြီး ဦးမန်ဟင်းဒါလ်ကပြောသည်။
ဘွလ်ပီးကွင်းတွင် ပြည်နယ်အစိုးရတာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်နေ့တွင် ကျွန်း ၉၀၀၀ ပင်၊ ယူကလစ် ၁၃၀၀ ပင် စုစုပေါင်း၁၀၃၀၀စိုက်ပျိုးခဲ့သည်။
“သြဂုုတ်လ ၂၆ ရက်နေ့မှာတော့ ချင်းပြည်နယ်အစိုးရ ကတ်ဘိနက်အစည်းအဝေးခန်းမမှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဖလမ်း၊ တီးတိန်မြို့နယ်များမှ ပြည်နယ်လွှတ်တော်အမတ်တွေ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်သစ်တော၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ခံများ၊ ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတို့ပါ၀င်တဲ့ အထူးအစည်းအဝေးမှာ စက်တင်ဘာလ ၂ ရက်နေ့ အော်ပရေးရှင်းစတင်ဖိုု့ ဆုံုးဖြတ်ချက်ချလိုုက်ပါတယ်” ဟု ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၄င်းလူမှုကွန်ရပ်စာမျက်နှာတွင်ဖော်ပြသည်။
ဘွာလ်ပီးကွင်းရှိ လူနေအိမ် ၃၆၁ အိမ်ကိုဖြတ်ဆီးခဲ့ပြီး ၄င်းတို့သည် ဖလမ်း၊ ရိဒ်ခေါဒါရ်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ကျီခါး၊ မတူပီ၊ ရေဇွာမြို့များအပါအဝင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှလာရောက်နေထိုင်သူများလည်းရှိသည်။
“ခုတလော ဘွလ်ပီးကိစ္စကြောင့် စိတ်မကောင်းဖြစ်နေတယ်။ သစ်တောကြိုးဝိုင်းထဲမှာ ကျူးကျော်နေထိုင်ကြတယ်။ နှစ်ကြိမ်သုံးကြိမ် သတိပေးလည်း မပြောင်းချင်ကြဘူးတဲ့။ မှန်ကောင်းမှန်မယ်။ ဒီနေရာက ချင်းပြည်နယ်ထဲမှာ နေရာကောင်းရှိမဲ့စုထဲမှာ လမ်းမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေသန့်လည်းမရှိ၊ ကျောင်း၊ ဆေးရုံလည်းမရှိတဲ့နေရာမှာ သူတို့လာနေချင်ကြတဲ့အခြေအနေလေးကို ချင်းပြည်နယ်အစိုးရက နားမလည်ပေးနိုင်တာက ဝမ်းနည်းစရာပဲ။ ရန်ကုန်မှာဖြစ်ဖြစ်၊ တာဟန်းနဲ့တခြားမြို့ကြီးတွေမှာ ကျူးကျော်နေထိုင်တာအများကြီးရှိတယ်။လက်ရှိ စီးစံရွာ၊ စက္ကန့်ရွာ၊ တာဟန်းရပ်ကွက် အားလုံးက ချင်းပြည်နယ်ပဲ။ ငါတို့ရဲ့ မြေပြန့်ရှိတဲ့နေရာတွေ လုယူသွားလို့ ချင်းလူမျိုးတွေက မြေပြန့်ကိုလိုချင်ကြလို့ သစ်ပင်တောင်ကောင်းကောင်းမရှင်နိုင်တဲ့ မြေပြန့်သေးသေးလေးထဲမှာ ရွေ့ပြောင်းလာကြတာပဲ။ တကယ်တမ်းသူတို့ကျူးကျော်တယ်ဆိုရင်တောင် အကြမ်းဖက်နည်းသုံးတာဟာ ဒီမိုကရေစီစနစ်နဲ့မကိုက်ညီဘူး။ အဲ့နေရာမှာ ရွာသစ်တစ်ခုပေါ်လာခဲ့ရင် အစိုးရအတွက်ဖြစ်ဖြစ်၊ နိုင်ငံတော်အတွက်ဖြစ်ဖြစ် ဘာတစ်ခုမှဆုံးရှုံးတာမရှိဘူး။ ချင်းပြည်နယ်အတွက်ဆိုပိုတောင်ကောင်းသေးတယ်။ အစိုးရက နိုင်ငံနဲ့ဥစ္စာတွေကို သူတို့ပိုင်တယ်လို့ ပြန်ယူဆတယ်နဲ့တူတယ်။ ပြည်သူပိုင်ပဲဖြစ်တယ်။ သက်တမ်း တစ်ကြိမ် နှစ်ကြိမ်လောက်သာ စီမံခန့်ခွဲပိုင်ခွင့်ပဲရတယ်။ ချင်းပြည်နယ်အစိုးရ ကိုယ့်ပြည်နယ်ကိုဘယ်လိုဦးဆောင်မလဲဆိုတာ မသိတာ စိတ်ပျက်စရာအကောင်းဆုံးပဲဖြစ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှု၊ ချင်းလူမျိုးသမိုင်းအစ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုတွေ သိမယ်ဆိုရင် ဒီလိုအဖြစ်မျိုးကြံုလာစရာအကြောင်းမရှိဘူး”ဟု ကလေးမြို့အခြေစိုက် ချင်းမီဒီယာတစ်ခုဖြစ်သည့် Meifar ဂျာနယ် အယ်ဒီတာချုပ်က ၄င်းလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ဘွလ်ပီးကွင်းမှနှင်ထုတ်ခံရပြီး ပြောင်းရွေ့ရန်နေအိမ်မရှိသဖြင့် အိမ်ထောင် ၂၀ ကျော်သည် စီးစံရွာတွင် သောင်တင်လျက်ရှိသည်။ ၄င်းတို့ကို စီးစံနှစ်ခြင်းအသင်းတော်က အစားအသောက်များပေးလှူလျက်ရှိသည်။
“တခြားအိမ်ထောင်စုတွေတော့ သူတို့နဲ့နီးစပ်ရွာဆွေမျိုးအိမ်မှာ သွားနေကြတယ်။ တချို့ဆို ကလေးစက်မှုဇုန်ဘက်မှာသွားနေတာလည်းရှိတယ်။ အခုကျန်နေတဲ့ မိသားစုတွေကတော့ ပြောင်းရွေ့ဖို့နေအိမ်မရှိလို့ ရွာထဲက အိမ်တွေမှာ လိုက်နေကြတယ်။ ရဲတွေကလည်း စုပြီးတော့ မနေခိုင်းဘူးလေ”ဟု စီးစံနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတစ်ပါးကပြောသည်။







