တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းနေ

တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းနေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်) ထန်မွာလ်ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ မြေပြင်တွင် အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အလွန်အကျွံ အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ဘက်ကို အင်အားဖြည့်တင်းဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းလဲန်းကောင်စီ ၊ ချင်းညီနောင်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မေလ ၂ ရက်နေ့ကစလို့ ကြားဖြတ်ဟန့်တားရာကနေ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်လည်း စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲဖြစ်နေတာက ထန်မွာလ် (ဒေသခေါ်) လေထန်ကုန်း တဝိုက်မှာဘဲ အာလွယ်ရွာကိုတော့ မရောက်သေးဘူး၊ မနေ့ကဆို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ တော်တော်ပြင်းထန်တယ်လို့ သိရတယ် အနီးအနားရွာတွေပါ တုန်တယ်လို့ ပြောကြတယ်” လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လေယာဉ်ဖြင့် လေထန်ကုန်း (ထန်မွာလ်) ဒေသကို မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တာ်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမယ့် ထိခိုက်ကျဆုံးမှုတွေနဲ့ပတ်သက်လို့ ချင်းတော်လှန်ရေးအင်အားစုတွေဘက် တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် တီးတိန် - ကလေး လမ်းပိုင်း သွားလာခြင်းမပြုလုပ်ကြဖို့နဲ့ အရေးပေါ်ကိစ္စရပ်တွေ ရှိရင်လည်း အထူးသတိပြု သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေး နှိုးဆော်ထားပြီး စစ်ကောင်စီက မြေပြင်အထိနာနေခြင်းကြောင့် လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုလာနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တီးတိန်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာနိုင်တဲ့ သတင်းများကြောင့် မြို့ပေါ်ရှိ ဒေသခံထက်ဝက်ခန့်ဟာ အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါမြို့နှင့် ကလေးမြို့ဘက်သို့ ကြိုတင်စစ်ရှောင်နေကြပြီး လက်ရှိတွင် လက်နက်ကြီး၊ လက်နက်ငယ် အသံများအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်လျက် ရှိနေကြပါတယ်။

Most read this week

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...