တိုင်းရင်းသားလူမျိုး၊မျိုးနွယ်စုများမှ လူငယ်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ဦးဆောင်ဆွေးနွေးသူများနှင့် လေ့လာသူများအပါအဝင်စုစုပေါင်း ရ၆၈ဦးတက်ရောက်သည့် ယင်းညီလာခံတွင် တိုင်းရင်းသားမျိုးနွယ်စု၂၆မျိုးမှ ကိုယ်စားလှယ်၃ဦးစီဖြင့် ဗဟိုကော်မတီဝင်ရ၈ဦး၊ ဗဟိုအလုပ်အမှုဆောင်၂၆ဦးနှင့် လုပ်ငန်းအစုအဖွဲ့ရခုဖြင့် ၎င်းမဟာမိတ်အဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ဖက်ဒရယ်စနစ်ကိုသွားနိုင်ဖို့အတွက် တိုင်းရင်းသားလူငယ်တွေအကြားမှာ ချစ်ခင်ရင်းနှီးမှုတွေ ပိုပြီးတော့ယုံကြည်မှုတွေရလာဖို့ရယ်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို စုပေါင်းအင်အားနဲ့ ဖြေရှင်းနိုင်ဖို့ရယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်အခန်းကဏ္ဍတွေမှာ ပါဝင်ကူညီခွင့်ရဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေရဲ့ဆုံးဖြတ်ချက်တွေမှာ လူငယ်တွေရဲ့အခန်းကဏ္ဍတစ်ခု အဓိကရနိုင်ဖို့ရည်ရွယ်တယ်”ဟု မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ခိုင်လမင်းက မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းရသည့်အကြောင်းရင်း ကို ကေအိုင်စီသို့ပြောသည်။
ဆွေးနွေးပွဲ၏ဆုံးဖြတ်ချက်အရ အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ၊ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးဆိုင်ရာတိုက်ဖျက်ရေး၊ စစ်ပြေးရှောင်ဒုက္ခသည်များ ပြန်လည်နေရာချ ထားရေးနှင့် ပညာရေး၊ကျန်းမာရေး၊စာပေနှင့် ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရင်းနှီး မြုပ်နှံမှုထိန်းသိမ်းကာ ကွယ်ရေးနှင့် တိုင်းရင်းသားရေးရာ (တိုင်းရင်းသားလူငယ်ရေးရာမူဝါဒ)စသည့် ကော်မတီရခုကိုပါ ဖွဲ့စည်းခဲ့သည်ဟုလည်း ညီလာခံ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ဖွဲ့စည်းနိုင်မှုအပေါ် ညီလာခံကို ကရင်လူငယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူစောဂျက်ပစီက “ကျနော်အနေနဲ့တိုင်းရင်းသားလူငယ်အားလုံးကိုပါဝင်စေချင်ပါတယ်။ဒီမဟာမိတ်စုဖွဲ့မှုကနေ တစ်ဆင့်ကျန်နေခဲ့တဲ့၊မပါဝင်ဖြစ်ခဲ့တဲ့တိုင်းရင်း သားလူငယ်တွေကိုလည်းပါဝင်လာစေချင်ပါတယ်။နိုင်ငံတော်တည်ဆောက်မှုမှာ အစိုးရဖြစ်စေ၊အုပ်ချုပ်ရေးဖြစ်စေကျနော်တို့လူငယ်တွေနဲ့စွမ်းစွမ်းတမံပါဝင် သွားနိုင်ဖို့ကိုလည်းမျှော်လင့် မိပါတယ်”ဟုပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံဖြစ်မြောက်ရေးကော်မတီ-CCNEYCမှဦးဆောင် ကျင်းပသည့် ၎င်းညီလာခံ၌ အဖွဲ့အစည်းအသီးသီးမှပေးပို့လာသော သဝဏ်လွှာများကိုဖတ်ကြားခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကိုဆွေးနွေးခြင်း၊တိုင်းရင်းသားလူမျိုး၂၆မျိုး၏ စာတမ်းများကိုဖတ်ကြားခြင်းနှင့် စာတမ်းများထဲပါဖြေရှင်းရန်လိုအပ်သောပြဿနာများကို ရွေးထုတ်ပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားလူငယ်များညီလာခံကို တစ်နိုင်ငံလုံးအတိုင်းအတာဆောင်၍ ပြုလုပ်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သလို အဆိုပါဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကိုလည်း ပထမဦးဆုံးဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။







