ကျောက်မဲဆန္ဒပြမှုကြောင့် ရှမ်း၊ တအာင်း စိတ်ဝမ်းမကွဲစေချင်ဟု တအာင်းအဖွဲ့ထုတ်ပြန်

ကျောက်မဲဆန္ဒပြမှုကြောင့် ရှမ်း၊ တအာင်း စိတ်ဝမ်းမကွဲစေချင်ဟု တအာင်းအဖွဲ့ထုတ်ပြန်
by -
မဇ္စျိမ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ရှမ်းလူထု ဆန္ဒပြမှုအပေါ် ရှမ်းနှင့် တအာင်းအချင်းချင်း စိတ်ဝမ်းကွဲကာ ပဋိပက္ခဖြစ်ပွားမည်ကို အထူး စိုးရိမ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

မေလ ၂၈ ရက်က ရှမ်းလူထု ၃၀၀၀ ကျော်က တိုက်ပွဲ ရပ်တန့်ရေး ဆန္ဒပြတောင်းခဲ့သည်။ ၎င်းဆန္ဒပြမှုကြောင့် ရှမ်း နှင့် တအာင်း စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေမည့် လုပ်ရပ်များ လုပ်ရပ်၊ အပြောအဆို မပြုလုပ်ကြပါရန်၊ ရှမ်းလူထုနှင့် မူလအတိုင်း ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံကြပါရန် မေတ္တာရပ်ခံလိုက်သည်။

ရှမ်းလူထုများ ဆန္ဒပြပွဲတွင် တိုက်ပွဲ ရပ်တန့်ရေး အပါအဝင် တအာင်းအမျိုးသားတပ်မတော်(TNLA)အား အလိုမရှိ၊ ယခင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) အလိုရှိကြောင်း ဟူသော စာတမ်းများ ပါရှိသဖြင့် ယခုကဲ့သို့ တအာင်းလူထုအား မေတ္တာရပ်ခံချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ပြောသည်။

“အဲဒီလိုမျိုး အင်္ဂလိပ်စာတန်းနည်းနည်း၊ မြန်မာစာတမ်းနည်းနည်း သူတို့ ရေးထားတယ်ဗျ။ အဲဒီလို ဖြစ်တဲ့အခါဆိုတော့ ဒါက ဒီလို ပဋိပက္ခကို ပိုမိုကြီးထွားအောင်လုပ်တဲ ့ပုံစံဖြစ်နေတယ်။ အဓိကက တိုက်ပွဲ ရပ်ဖို့ မဟုတ်ဘဲနဲ့ တိုက်ပွဲကို ပိုမိုကြီးထွားအောင်လုပ်တဲ့ ပုံစံမျိုး ကျနော်တို့ မြင်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးအောက်တွင် ရှမ်းလူထုနှင့် တအာင်းလူထုသည် စစ်ဒဏ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့်အပြင် စစ်ဘေးဒဏ် ခံစားနေရသည့် ဘဝတူညီအစ်ကိုများဖြစ်ပြီး တိုင်းရင်းသား လူမျိုးများလိုလားသည့် စစ်မှန်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်နိုင်ငံ မရရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့ နိုင်ငံရေးပန်းတိုင် အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းလိုက်သည်။

အလားတူတအာင်းနှင့် ရှမ်းလူမျိုးများအကြား လူမျိုးရေး ပဋိပက္ခများ ရှောင်လွွှဲနိုင်ရန်အတွက် ဒေါသစိတ်များထိန်းချုပ်ပြီး၊ ဒေသခံ ပြည်သူလူထုအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြပါရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA )ကလည်း မေလ ၂၈ ရက်က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

မေလ ၁ ရက်မှစတင်ကာTNLA နှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်များအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်များ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ အလားတူ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့အကြားလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

Joint Statement of TWO and TSYU on the current conflict 1

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...