ဖားကန့်တွင် ရာအိမ်မှူးအမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ဖားကန့်တွင် ရာအိမ်မှူးအမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
by -
မဇ္စျိမ
ဖားကန့်တွင် ရာအိမ်မှူး အမျိုးသမီး သေနတ်သမား နှစ်ဦး၏ ပစ်ခတ် အသတ်ခံရမှုကို ဖားကန့်ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လုံးခင်း စခန်းမှူးက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မှော်ရှန်ရပ်ကွက်က အသက် ၄၀အရွယ် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို မေ ၂၂ရက် ညနေ ၅နာရီခန့်က အမည်မသိ သေနတ်သမား နှစ်ဦးက ခြောက်ချက် ပစ်ခတ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

"တိတိကျကျတော့ မသိဘူး။ ရာအိမ်မှူးတစ်ယောက် သေနပ်နဲ့ ၆ ချက် အပစ်ခံရတယ်ဆိုတာလောက်ပဲ သိတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်နန္ဒာလှိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံကို မသိသေးပေ။

“ကျနော်တို့ သိသလောက် ကေအိုင်အိုဘက်ကို မေးမြန်းစုံစမ်းကြည့်တော့ သူတို့ ကေအိုင်အိုမှာ အဲဒီလို ပစ်သတ်တဲ့ ပေါ်လစီမရှိဘူးလို့ ပြောတယ်။ ကျနော်တို့က သူသေတဲ့နောက်ပိုင်းမှ သူက ရာအိမ်မှူးဖြစ်တယ်ဆိုတာ သိရတယ်”ဟု ဖားကန့်ဒေသခံ ဦးဂျာလက မဇ္ဈိမကိုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လက်ရှိ ဖားကန့်မြို့နယ်တွင် စစ်တပ်မှ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုလားနေသည်ဟု ပြောသည်။

“စစ်တပ်ကနေပြီးတော့ အဲဒီဖားကန့်မှာ ဝမ်ဖိုးဖိုး (၁၄၄ ပုဒ်မ) ညမထွက်ရအမိန့် ထုတ်ချင်နေတယ်။ အဲဒီ 144 ထုတ်ဖို့ကို ကချင်ပြည်နယ် လွှတ်တော်မှာလည်း ဆွေးနွေးတဲ့အချိန်ကြတော့ ပိတ်လိုက်တယ်လေ။ အဲဒါ သိပ်ထုတ်ချင်နေတယ်။ အဲတော့ မတည်မငြိမ်အောင်ဘဲ သူတို့က လုပ်နေလားတော့ မသိပါဘူး”ဟု ဦးခင်မောင်မြင့်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဒေါ်နန္ဒာလှိုင်သည် အစိုးရသစ်လက်ထက်တွင် ရာအိမ်မှူးအဖြစ် ရွေးကောက်တင်မြောက်ခံထားရသူ ဖြစ်သည်။

၎င်းသည် ရန်ကုန်ဘက်မှ ဖားကန့်တွင် အခြေချနေသည်မှာ ကြာပြီဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ယူခြင်းသည် လပိုင်းသာ ရှိသေးသည်။ ၎င်းက ဆိုင်းတောင် အထက်တန်းကျောင်း မိဘ ဆရာအသင်း ကော်မတီဝင်လည်း ဖြစ်ပြီး ရပ်ရေးရွာရေး လူမှုကူညီရေးလုပ်ငန်းတွင် တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ကြောင်း ဆိပ်မူကျေးရွာမှ NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီသတင်းဌာနသို့ ပြောဆိုထားသည်။

ဖားကန့်ဒေသတွင် မေလ ၁၀ ရက်နေ့မှစတင်၍ မြန်မာတပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့့နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေး ယခုထိ တင်းမာနေဆဲ ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...