ဒုက္ခသည်စခန်းများအနီး ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲဖြစ်ခဲ့

ဒုက္ခသည်စခန်းများအနီး ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲဖြစ်ခဲ့
by -
မဇ္စျိမ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်စခန်းအနီးတွင်  တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ် နှစ်နေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် လိုင်ကာဇွပ်ဂျာကျေးရွာအကြား စစ်ပြေးဒုက္ခသည်စခန်းမှ ၂ မိုင်ခန့်အကွာအဝေးတွင် မေ ၂၂ရက် နံနက် ၉ နာရီချိန်က တစ်ကြိမ်၊ ၁၂ နာရီချိန်ခန့်က ကောင်းခါးပါကျေးရွာ အထက်တွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အရပ်သားကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဒမောင်နော်က ပြောသည်။

“ကျနော်တို့ ဒုက္ခသည်စခန်းနဲ့ ကပ်ရပ်မှာရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးတစ်ချက် ပစ်လိုက်တယ်။ နောက်ပြီး အဲဒီလမ်းကြောမှာရှိတဲ့ ကောင်းခါးပါဆိုတဲ့ ရွာအထက်မှာလည်း နေ့လည် ၁၂ နာရီလောက်မှာ ဖြစ်နေကြတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မြန်မာတပ်မတော်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိပြီး မိုင်းခေါင်ကျေးရွာရှိ ဒုက္ခသည်စခန်းနှင့် ကပ်လျက်ရှိ တပ်မတော် စစ်တပ် စခန်းမှ KIA ၏ တပ်ရင်း ၂၇ တပ်ဖွဲ့များရှိရာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သူက ပြောသည်။

မိုင်းခေါင်ကျေးရွာတွင် စစ်ပြေးဒုက္ခသည်စခန်း ၂ ခုရှိပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းရှိ စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၃၅၆ စု ရှိပြီး ကက်သလစ်အသင်းတော် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၀၀ ကျော် ရှိသည်ဟု သူက ပြောသည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအထက်တွင် KIA တပ်ရင်း ၂၇ တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားနေသော်လည်း အခြေအနေ အသေးစိတ် မသိရသေးကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျနော်တို့ မိုင်းခေါင်အထက်နားမှာ တိုက်ပွဲ ဖြစ်တယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ညနေ ၄ နာရီနောက်ပိုင်းမှ အတည်ပြုလို့ရမယ်။ ဒီနေ့က အဲဒီနေရာမှာပဲ ဖြစ်တယ်။ တခြားနေရာဘက် တိုက်ပွဲဖြစ်နေလို့တော့ မကြားသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၂၇ ရှိရာဘက်သို့ မြန်မာတပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် မေလ ၁၅ ရက်မှစတင်၍ သုံးရက်ကြာ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မြန်မာ့တပ်မတော်ဘက်မှ လေကြောင်းမှ လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...