မတူပီ ဒေသန္တရအစိုးရ ယန္တရားများ ဖွဲ့စည်းမည်

မတူပီ ဒေသန္တရအစိုးရ ယန္တရားများ ဖွဲ့စည်းမည်

ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို ဖွဲ့စည်းတည်ထောင်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်သွားတော့မည်ဟု မတူပီကောင်စီထံမှ သိရသည်။ 

ဧပြီလ ၁၇ ရက်မှ ၁၈ ရက်အထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မတူပီကောင်စီ ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးနောက် မတူပီကောင်စီ၏ ဥပဒေကို ပြင်ဆင်အတည်ပြုကာ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်ခြင်းဖြစ်သည်။ 

“အဓိကတော့ စနစ်တကျ အစိုးရ ယန္တရာများ လည်ပတ်နိုင်အောင်ရယ်၊ ကာကွယ်ရေးကိုလည်း ပိုမိုအားကောင်းအောင် လက်တွေ့ လုပ်ဆောင်တော့မှာပါ။ ဒေသန္တရအစိုးရရဲ့ ဂုဏ်အင်္ဂါပြည့်စုံအောင် ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေသန္တရအစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အရာ အားလုံးကို ကျနော်တို့ ဆောင်ရွက်ပေးဖို့ ဦးစီး ဦးဆောင်ပေးဖို့ ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီကောင်စီ အောက်မှာပဲ တည်ဆောက်မယ့်ပုံစံတွေကို ကောင်းမွန်စွာ ရေးဆွဲနိုင်ခဲ့တယ်” ဟု မတူပီကောင်စီ/ CDF - မတူပီမှ ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။ 

ဒေသန္တရ အစိုးရယန္တရာများ လည်ပတ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ မတူပီမြို့နယ်လုံးဆိုင်ရာ ကိစ္စအဝဝကို စုပေါင်းခေါင်းဆောင်မှုဖြင့် အတူတကွ ပူးပေါင်းပြီး ယန္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ 

မတူပီကောင်စီ၏ ယန္တရာများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် တော်လှန်ရေးကို အားပေးထောက်ခံနေသော ပြည်တွင်း/ပြည်ပမှ ပြည်သူများက မိမိရာကျ အခန်းကဏ္ဍတွင် အစွမ်းကုန် ဆက်လက်ပါဝင်ပေးပါရန် ဧပြီလ ၂၂ ရက်က အသိပေးထုတ်ပြန်သည်။ 

မတူပီကောင်စီ ညီလာခံကို ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် အဖွဲ့များ၊ မတူပီမြို့နယ်အတွင်းရှိ ဧရိယာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ CDF - မတူပီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးလူငယ်များ၊ တရားစီရင်ရေးအဖွဲ့များ၊ စောင့်ကြည့်လေ့လာသူများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်သည်ဟု သိရသည်။ 

မတူပီမြို့နယ်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် မတူပီကောင်စီ/ CDF - မတူပီ အဖွဲ့နှင့် ICNCC/CB အဖွဲ့ဝင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF - မတူပီ ဟူ၍ ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ရှိနေသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...