နိုင်ငံသား စိစစ်ရေးအလုပ် ပယောဂနှင့် ဆိုးကျိုးများ ဖြစ်လာနိုင် သတိကြီးကြီးနှင့် လုပ်ရမည်ဟု လ.၀.က ဝန်ကြီးပြော

နိုင်ငံသား စိစစ်ရေးအလုပ် ပယောဂနှင့် ဆိုးကျိုးများ ဖြစ်လာနိုင် သတိကြီးကြီးနှင့် လုပ်ရမည်ဟု လ.၀.က ဝန်ကြီးပြော
by -
မဇ္စျိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အကဲဆတ်သည့်အတွက် သတိကြီးစွာ လုပ်ရမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို စီမံချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး "ဒါတွေဟာ အရမ်း Sensitive ဖြစ်တယ်။ အမှောင့်ပယောဂတွေ ဝင်လာနိုင်တယ်။ ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက် အားလုံးကို ဝိုင်းဝန်းကြည့်ရှုပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးသိန်းဆွေက မေလ ၂၀ရက်တွင် ပြောသည်။

နိုင်ငံသားစိစစ်ရေးစီမံချက်အတွက် ဗဟိုလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်ကာ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်ထိ ကော်မတီအဆင့်ဆင့်ကိုလည်း ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်သည်။

စီမံချက်အသေးစိတ်ကိုလည်း မေလ ၂၅ရက်တွင် အများပြည်သူသို့ အသေးစိတ်တင်ပြသွားမည်ဟု ဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

"စည်းရုံးရေးနည်း၊ ဥပဒေကို ချပြတဲ့နည်း၊ နားလည်မှုရှိအောင် ရှင်းပြတဲ့နည်းတွေနဲ့ပဲ စိတ်ရှည်သည်းခံပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးသိန်းဆွေက ရှင်းပြသည်။

"၁၉၈၂ ခုနှစ် ၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားပြဿနာများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဤဥပဒေနှင့်အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း" အဆိုတစ်ရပ်ကို ရသေ့တောင်မြို့နယ်မှ ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းက တင်ပြခဲ့သည်။

ဒေါ်ခင်စောဝေ၏ အရေးကြီးအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်အမတ် ၆ဦးက ယနေ့ မေလ ၂၀ရက်တွင် ဆွေးနွေးကြပြီးနောက် ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် လာရောက်ရှင်းလင်းဖြေကြားခဲ့ရာ အဆိုပါ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အစိုးရ၏ ရက်(၁၀၀)စီမံချက်တွင် လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် အဆိုကို မှတ်တမ်းအဖြစ်ထားရှိရန် ပြောဆိုခဲ့သည်။

အဆိုရှင်ကမူ အတည်ပြုပေးရန် သဘောထားမှတ်ချက်ပေးသည့်အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ မှတ်တမ်းအဖြစ်ထားရှိရန်သာ အမတ်အများစုက မဲပေးကြသည့်အတွက် ဒေါ်ခင်စောဝေ၏ အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...