ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်နိမိတ်အစဖြစ်သည့် တပ်ကုန်းမြို့နယ် အဝင် မိုင်တိုင် ၂၈၄ မိုင် ၄ ဖာလုံတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် အလုပ်သမားသပိတ် ထိပ်တိုက်တွေ ့ဆုံခဲ့ပြီး အလုပ်သမားများဘက်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တွေ ့ဆုံလိုသည်ဟု တောင်းဆိုခဲ့သည်။
အလုပ်သမားများ၏ တောင်းဆိုမှုကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ဥပဒေအရာရှိတို့က နေပြည်တော်ကောင်စီထံအကြောင်းကြားပေးခဲ့ကာ နေ့လည် ၁နာရီမတိုင်မီ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် အရောက်လာမည်ဟု အလုပ်သမားများကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေလ ၁၈ ရက်နံနက် ၁၁း၃၀ခန့်၌ ပြောကြားခဲ့သည်။
နေ့လည် တစ်နာရီအချိန်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သပိတ်စခန်းရှိရာသို ့ လာရောက်မည်မဟုတ်ဘဲ တပ်ကုန်းမြို ့တွင်သာ အလုပ်သမားခေါင်းဆောင် ငါးဦးအား ခေါ်ယူတွေ ့ဆုံမည်ဟု ဥတ္တရသီရီခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သဖြင့် အလုပ်သမားများက လက်မခံနိုင်ဘဲ သပိတ်ဆက်လက်ချီတက်ရန် ပြင်ဆင်ရာမှာ ရဲများနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
ဆက်လက်ချီတက်လာသည့် အလုပ်သမားများကို လူစုခွဲရန် ရဲတပ်ဖွဲ ့မှ လော်စပီကာဖြင့် ကြေငြာခဲ့သော်လည်း လူစုမခွဲသည့်အတွက် ရဲတပ်ဖွဲ့က နေ့လည် ၁နာရီခွဲခန့်တွင် အင်အားသုံးကာ သပိတ်ကို ဖြိုခွင်းပြီး အလုပ်သမားများ နှင့်ဝန်းရံသူများကို အချုပ်ကားသုံးစီးဖြင့် တပ်ကုန်းရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။







