NRPCသည် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)ကို အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်း ရေးဗဟိုဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားခြင်းဖြစ်သည်။
မေလ ၁၆ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပခဲ့သော အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန- NRPC ဖွဲဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
NRPC ရုံးချုပ်ကို နေပြည်တော်တွင် ဖွဲ့စည်းမည် ဖြစ်ပြီး ရန်ကုန် MPC ရုံးကို NRPC ၏ ရန်ကုန်ရုံးခွဲအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည် ဖြစ်သည်။
ယခင် MPC အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက "အခု အဓိကလုပ်မှာက NRPC ကို ဘယ်လိုစုဖွဲ့မလဲဆိုတဲ့ စုဖွဲ့တဲ့လုပ်ငန်းကိုပဲ လုပ်ဦးမှာ။ စုဖွဲ့ရေး ကော်မတီလိုဟာမျိုး စုဖွဲ့ရေးအဖွဲ့လိုဟာမျိုး အရင်လုပ်ဦးမှာ။ ပြီးတော့မှ တကယ်ဖွဲ့တယ်ဆိုတဲ့ဟာက လာမှာနောက်မှ။ အခုဟာက ဖွဲ့တဲ့အဆင့်ကို မရောက်သေးဘူး။ အဲဒီအတွက် ပြင်ဆင်တဲ့အဆင့်ပဲရှိသေးတယ်"ဟု ပြောသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)ကို သမ္မတ (ဟောင်း) ဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်လျောက်လုံးကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် နိုင်ငံတကာအဖွဲ့များဖြစ်သည့် EU, UN , JICA နှင့် ကမ္ဘာ့ဘဏ် တို့ အပါအဝင် ပြည်ပအလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်း ၂၆ ဖွဲ့ ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ မတ်လ ၃၁ရက်က ဘတ်ဂျက် ရပ်နားသွားခြင်းဖြစ်သည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနကို ထောက်ပံ့နေသည့် ပြည်ပ အဖွဲ့အစည်းတစ်ခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းကလည်း အစိုးရသစ်အနေဖြင့် MPC ကိုယ်စား အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလာပါက ထောက်ပံ့ပေးသွားရန် စောင့်ဆိုင်းနေကြောင်း နီပွန်ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ Mr.Yuji Mori က မေလ ၁၆ရက်နေ့တွင် မဇ္ဈိမသို့ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကူညီထောက်ပံ့မှုတွေကို အခုချိန်ထိ Myanmar peace centre နဲ့ လက်တွဲပြီးလုပ်ခဲ့တာပေါ့နော်။ သူတို့ရဲ့ ဆောင်ရွက်ချက်က ၃လပိုင်း ၃၁ရက်နေ့မှာ ပြီးဆုံးသွာပြီးဆိုတော့ အစိုးရသစ်အနေနဲ့ အဖွဲ့အစည်းသစ်တစ်ရပ်ကို ဖွဲ့ပေးဖို့စောင့်နေတာရှိပါတယ်"ဟု ၎င်းကပြောသည်။
အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အနေဖြင့် အစိုးရဌာနအဖွဲ့ အစည်းတစ်ရပ် ဖြစ်လာမည် ဖြစ်၍ ဘတ်ဂျက် သုံးစွဲမှု စည်းမျဉ်း စည်းကမ်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး NRPC ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုလုပ်ငန်းစဉ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည် စာရင်းတင်သွင်းခံရသူ ဦးကျော်တင့်ဆွေက ဦးစီးဆောာင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။







