ဖားကန့်တွင် ယုဇနကုမ္ပဏီ၏ စီမံကိန်းများ ရပ်တန့်ရန် ဒေသခံများ သမ္မတထံ တောင်းဆို

ဖားကန့်တွင် ယုဇနကုမ္ပဏီ၏ စီမံကိန်းများ ရပ်တန့်ရန် ဒေသခံများ သမ္မတထံ တောင်းဆို
by -
မဇ္စျိမ
ကချင်ပြည်နယ် ဟူးကောင်းချိုမ့်ဝှမ်းဒေသအတွင်း ယုဇနကုမ္ပဏီက သိမ်းယူထားသော  လယ်ယာမြေများနှင့် အခြားမြေများကို အမြန်ဆုံးပြန်လည်ရယူလိုကြောင်းနှင့် ဆုံးရှုံးနစ်နာမှုများကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ ၈၀၀၀ကျော်က နိုင်ငံတော် သမ္မတထံ စာပို့တောင်းဆိုလိုက်သည်။

မေလ ၁၀ရက်က ဒေသခံ ၈၆၀၁ ဦးက သမ္မတဦးထင်ကျော်ထံ ပေးပို့သည့် စာတွင် ယုဇနကုမ္ပဏီမှ သိမ်းယူထားသော မြေများ၊ ကျေးရွာများ အမြန်ဆုံးပြန်လည် ပေးအပ်စေရေးနှင့် ထိုက်တန်သည့် နစ်နာကြေးများရရှိရန်၊ တောင်သူများ၏ ရပိုင်ခွင့် အခွင့်အရေးနှင့် ဥပဒေကို ချိုးဖောက်လုပ်ကိုင်နေသော ယုဇန ကုမ္ပဏီအား ထိရောက်စွာအရေးယူ၍ စီမံကိန်းရပ်တန့်ပေးရန်၊ တောင်သူများ၏ လုံခြံုမှုအခွင့်အရေးများအတွက် မြေယာပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံစွာရရှိရေး ဆောင်ရွက်ပေးရန် စသည့်အချက်များ တင်ပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"အခု NLDအစိုးကလည်း အကောင်းဆုံး ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း မဲပေးခဲ့တာပဲ"ဟု ၀ါရာဇွပ်ကျေးရွာမှ မြေသိမ်းခံ တောင်သူ ဦးရာဂွန်းက ပြောသည်။

ဖားကန့်မြို့နယ် ဝရာဇွပ် ကျေးရွာအုပ်စု အတွင်းရှိ ဝရာဇွပ်ကျေးရွာ၊ စံပြကျေးရွာ၊ နာဂျာပါကျေးရွာ၊ အောင်ရာ ကျေးရွာ၊ ဘန်ကောက်ကျေးရွာနှင့် ရှာဒူဇွပ်ကျေးရွာ ခြောက်ရွာရှိ လယ်မြေနှင့် ဥယျာဉ်ခြံမြေများကို ယုဇနကုမ္ပဏီက ၂၀၀၆-၂၀၀၇ ခုနှစ်က စ၍ သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ပီလောပီနံစိုက်ခင်းများ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယုဇနကုမ္ပဏီက မြေဧက သိန်းနှင့်ချီ၍ သိမ်းယူခဲ့သော်လည်း လယ်တစ်ဧကလျှင် ကျပ် ၈၀,၀၀၀ သာ လျော်ကြေးရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
 
ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်းရှိ ဖားကန့်မြို့နယ်အပြင် တနိုင်းမြို့နယ်အတွင်းရှိ နမ်ဖြတ်ကျေးရွာ၊ တိန်ကောက်ကျေးရွာ၊ နောင်းလုံကောင်ရာကျေးရွာတို့ရှိ လယ်ယာမြေများနှင့် အခြားမြေများလည်း ယုဇနကုမ္ပဏီ၏ သိမ်းယူခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ဒေသခံတောင်သူများက ယုဇနကုမ္ပဏီအား တရားစွဲဆိုမှုများ၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုများ မရရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...