ရခိုင်စစ်အတွင်း ဥပဒေမဲ့ ကျူးလွန်မှုအထောက်ထားများ တာဝန်ရှိသူထံ တင်ပြထားဟု ဆို

ရခိုင်စစ်အတွင်း ဥပဒေမဲ့ ကျူးလွန်မှုအထောက်ထားများ တာဝန်ရှိသူထံ တင်ပြထားဟု ဆို
by -
မဇ္စျိမ
ရခိုင်နယ်စပ်၊ ပလက်ဝဒေသရှိ ALA တပ်မတော်သားများ (ဓာတ်ပုံ - ALA/ALA)
ရခိုင်နယ်စပ်၊ ပလက်ဝဒေသရှိ ALA တပ်မတော်သားများ (ဓာတ်ပုံ - ALA/ALA)
ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံပြည်သူများကို လမ်းပြနှင့် အထမ်းသမားများအဖြစ် အဓမ္မစေခိုင်းနေမှု၊ ညှင်းပန်းနှိပ်စက်မှုများစသည့် ဥပဒေမဲ့ ကျူးလွန်ခဲ့သော အထောက်အထားများကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနသို့ ပေးပို့တင်ပြထားပြီ ဖြစ်ကြောင်း သိရသည်။

"အထူးသဖြင့် စစ်ပွဲကာလမှာ ပေါ်တာဆွဲခဲ့တာတွေ၊ ရိုက်နှက်တာတွေပေါ့။ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်တွေ၊ တကယ် နှိပ်စက်ခံခဲ့ရတဲ့သူ ၂၀ လောက်ကို ကျွန်တော်တို့ လူတွေ့ မေးမြန်းအင်တာဗျူးထားတဲ့ သက်သေတွေရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပေးပို့ခဲ့တာပါ။" ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းက မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ဧပြီ ၂၄ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အတွင်း မြန်မာ့တပ်မတော်မှ ဥပဒေမဲ့ ကျူးလွန်မှုများ ရှိခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

ယင်းနောက် ဧပြီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အထောက်အထားမဲ့ ထုတ်ပြန်ခြင်းဖြစ်လျှင် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သက်သေခိုင်လုံပါက မိမိတို့ကို တင်ပြရန်၊ အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု စိစစ်တွေ့ရှိပါက ကျူးလွန်ခဲ့သော တပ်မတော်သားမည်သူကိုမဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက သတိပေးပြောကြားခဲ့ပြီး မေ ၁ ရက်နေ့တွင် ALP/ALA မှ ယခုလို သက်သေအထောက် အထားများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ALP/ALA ပြန်ကြားရေးတာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။

"သူတို့က သက်သေရှိရင် အရေးယူပေးမယ်လို့ ပြောတယ်။ သက်သေတွေ ပေးပို့ထားပြီးပြီ။ ဆက်လက် စောင့်ကြည့်နေတယ် သူတို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ။ အချိန်အတိုင်းအတာတစ်ခုထိပေါ့။ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်တို့မှာ သူတို့ကို ပေးပို့ခြင်းတွေထဲမှာ ချန်ထားခဲ့တဲ့ နောက်ထပ် သက်သေတွေအများကြီး ရှိသေးတယ်။ အားလုံး မပို့ဘူးဆိုတာက ပထမဆုံး သူတို့ရဲ့ ဥပဒေကို လိုက်နာမှုကို သိချင်လို့ပဲ။ အဲဒါတွေကို မတုံ့ပြန်ခဲ့ဘူးဆိုရင် ပြည်သူလူထုတရပ်လုံးကို ရှင်းလင်းတဲ့အဆင့် ကျွန်တော်တို့သွားမှာပါ"

မဇ္စျိမသတင်းဌာနမှ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသို့ ယခုကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့ပါသော်လည်း လက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...