“ကျွန်မတို့က တောင်ယာ လုပ်တယ်။ ကိုင်းလုပ်တယ်။ တခြားစီးပွားရေးမရှိဘူး။ စိုက်ခင်းတွေပြီးတဲ့ အချိန်မှာ ဝါးခုတ်တယ်။ ထင်းခုတ်တယ်။ ယာမှာ စိုက်ထားတဲ့အသီးအနှံတွေ ထွက်ရင် အဲဒါကို ရောင်းစားပြီးတော့ နေကြတာ။ အခုက တောင်ယာမှာ ကောက်စိုက်တဲ့ အချိန်ပါ။ ကောက်စိုက်နေတဲ့အချိန်မှာ အခုလိုထွက်ပြေးနေရတော့ အခက်အခဲရှိတယ်။ နောက်လတွေမှာ စိုက်လို့မရတော့ဘူး။ ရွာကိုလည်း ဘယ်နေ့ပြန်ရမလဲမသိဘူး။ တိုက်ပွဲတွေတော့ မဖြစ်တော့ဘူး။ စစ်သားတွေက ရွာမှာရှိနေကြတယ်။ မသွားရဲဘူး။ အခုလည်း ယာခင်းတွေကို ထားပြီးပြေးလာရတာ တောင်ယာမှာ ကောက်မစိုက်ရတော့ ထမင်းငတ်တော့မှာဘဲ” ဟု စစ်ဘေးရှောင် တောင်သူ ဒေါ်သာနှင်းက မဇ္စျိမကို ပြောသည်။
ရခိုင်ပြည်နယ်သည် မိုးရွာသွန်းမှု များပြားသည့်အတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများမှာ ကောက်ချချိန် နောက်ကျပါက စပါးနှင့် တခြားသီးနှံများမှာ အပင်ပေါက် ရောက်မှုနည်းပါးပြီး သီးနှံများ မဖြစ်ထွန်းသည့်အတွက် မေလဆန်းလောက်တွင် အပြီးသတ် ကောက်ချရကြောင်း ယင်းသို့ ကောက်စိုက်ချိန်တွင် တောင်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည့်အတွက် အစားဆန်ရေများ လုံလောက်စွာ ရရှိတော့မည်မဟုတ်ကြောင်း သူကဆိုသည်။
ယခုအချိန်သည် ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများမှာလည်း သီးနှံများ ရိတ်သိမ်းသိုလှောင်ချိန်ဖြစ်ကာ ရိတ်သိမ်းထားသော သီးနှံများကို ရောင်းချရန်အတွက် အခက်အခဲရှိပြီး မိုးတွင်းကာလတွင် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ကို လုံးဝ မလိုလားကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောသည်။
ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ နေရပ်တိမ်းရှောင်နေရသော တောင်ပေါ်နေ တောင်ယာစိုက်ပျိုးသူ စုစုပေါင်း ၁၇၀၀ ထက်မနည်းရှိကြောင်း ရခိုင်အမျိုးသားပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။







