ဒေါ်အောင်ဆန်းစုကြည်နှင့် JMCတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် JMCတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမည်
by -
မဇ္စျိမ
 ပြည်တွင်းငြိမ်းချမ်းရေးအတွက် တာဝန်ယူမည့် အစိုးရသစ်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့အကြား ငြိမ်းချမ်းရေးကိစ္စများကိုဆွေးနွေးရန် ဧပြီလ ၂၇ရက်တွင် တွေ့ဆုံသွားရန် ရှိသည်ဟု JMC၏ ဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

"မနက်ဖြန်ကျလို့ရှိရင် အစိုးရသစ်ကနေ ငြိမ်းချမ်းရေးအတွက် တာဝန်ယူမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

ဧပြီလ ၂၆ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ ပဥ္စမအကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အစိုးရသစ်ရဲ့ မူဝါဒအရ တိုင်းရင်းသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ အကြိမ်ကြိမ်ပြောကြား ချမှတ်ထားတာ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့အပိုင်းမှာ လည်း NCAလက်မှတ်ထိုးထားတဲ့အဖွဲ့တွေက စံပြအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" ဟုဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၈)ခုနှင့် အပစ်ရပ်လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်အစိုးရ၏ လုပ်ရပ်အားလုံးကို ပစ်ပယ်ထားမည်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်သင့်သည့်အဖွဲ့အစည်းအားလုံး
ပါဝင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ဧပြီလ ၁၈ရက်တွင် ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

"ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ပြောဆိုထားသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...