အားလုံးသိကြတဲ့ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ပါတီက ထုတ်ပယ်

အားလုံးသိကြတဲ့ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ပါတီက ထုတ်ပယ်
by -
မဇ္စျိမ
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ပြန်လည်ကိုင်တွယ်အပြီး ရက်ပိုင်းအတွင်း လူသိများသည့် ပြည်ခိုင်ဖြိုးခေါင်းဆောင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ဧပြီလ ၂၃ရက်တွင် မဇ္ဈိမသတင်းဌာနကို အတည်ပြုသည်။

"နာမည်တော့ သူတို့လူကြီးပိုင်းပဲ သိပါလိမ့်မယ် ခင်ဗျ။ အားလုံးလည်း သိပါတယ်။ မီဒီယာတွေလည်း သိပါတယ်။ ကျန်တဲ့သူတွေလည်း သိကြတာပဲလေ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့မညီတဲ့ ၁၇ဦးကို ပါတီကနေအနားပေးဖို့တော့ အကြမ်းဖျင်းတော့ သိထားပါတယ်" ဟု ဦးတင့်ဇော်က ပြောသည်။

သမ္မတရာထူးမှ အနားယူပြီးနောက် ပါတီဥက္ကဋ္ဌ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေသည့် ဦးသိန်းစိန် ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြန်လည်ရုံးတက်ပြီး နှစ်ရက်အကြာတွင် ပါတီခေါင်းဆောင်အချို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ဦးတင့်ဇော်၏ အဆိုအရ ထုတ်ပယ်ခံရသူများမှာ အားလုံးသိပြီးသားဟု ဆိုထားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာနီးကပ်သူ ယခင် ပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းလည်း အဆိုပါ ထုတ်ပယ်ခံရသူ ၁၇ ဦးတွင် ပါဝင်ဖွယ်ရှိသည်။

အလားတူ ဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေသည်လည်း ထုတ်ပယ်ခံရဖွယ်ရှိပြီး ပြီးခဲ့သည့် လများအတွင်း ပါတီမှ ထုတ်ပယ်ခံရသည်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးမောင်မောင်သိန်း၊ ယခု သာသနာရေးဝန်ကြီး သူရဦးအောင်ကို တို့လည်း ထုတ်ပယ်ခံရသူများတွင် ပါဝင်ဖွယ်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အကွဲအပြဲသည် ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းစတင်ခဲ့ပြီး ပါတီတွင်း အာဏာသိမ်းမှုဟု လူသိများခဲ့သည့် ဩဂုတ်လ ၁၂ရက်နေ့ညတွင် ပေါ်ပေါက်ခဲ့ပြီးနောက် သူရဦးရွှေမန်းကို ပူးတွဲဥက္ကဋ္ဌအဖြစ်မှ ရပ်စဲကာ ဦးဋ္ဌေးဦးက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ယခု ပါတီမှထုတ်ပယ်မည့် ၁၇ဦး၏ အမည်စာရင်းကို တရားဝင်ထုတ်ပြန်မည်မဟုတ်ဘဲ ကာယကံရှင်များကိုသာ အကြောင်းကြားဖွယ်ရှိသည်ဟု ဦးတင့်ဇော်က မဇ္ဈိမကို ပြောသည်။

၂၀၁၅မဲဆွယ်ကာလအတွင်း ပါတီရုံးချုပ်တွင် စိုက်ထူထားသော ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်အားတွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...