ကျောက်ဖြူမြို့နယ်သည် ရေနံနှင့် ရွှေသဘာဝဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများအပြင် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး စီမံကိန်းများပါ ဝင်ရောက်လာသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားလာနိုင်သဖြင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များက ကျောက်ဖြူမြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အထူးစိတ်ဝင်စားခဲ့ကြရာ SEZ ပြုလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း မြေစျေးကွက်မှာ အနည်းငယ် အားကောင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“SEZ လုပ်ဖို့အတွက် စပြီးသတင်းတွေထွက်ပေါ်လာတဲ့ အချိန်မှာတော့ မြေစျေးတွေက လှုပ်ခတ်တဲ့ သဘောကိုတော့ မရောက်ဘူး။ အရောင်းအဝယ်တော့ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ လှုပ်ခတ်မှုတွေမရှိသလို အရောင်းအဝယ်လည်းမရှိတော့ဘူး။ အရင်ကတော့ ပင်လယ်ကမ်းစပ်တွေမှာ လိုက်ဝယ်ထားကြတာတွေရှိတယ်။ ကုန်းတွင်းပိုင်းမှာတော့ မရှိသေးဘူး။ SEZ နဲ့ပါတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိကြဘူး။ အစပိုင်းကတော့ ပူပူနွေးနွေးဆိုတော့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်တွေ မရတော့ တစ်ချို့ကလည်း မြှုပ်နှံရတာတွေ စိုးရိမ်မှုတွေရှိလာတယ်လို့ ထင်ပါတယ်။”ဟု ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်ကပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းကို CITTIC Group မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသတွင်းရှိ တခြားသော စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံလိုပါက ပူးပေါင်း ပါဝင်နိုင်ကြောင်းပြောဆိုထားသော်လည်း ယင်း SEZ တွင်မည်သည့် စီးပွားရေးလုပ်ငန်းများ ပါဝင်မည်ကို မသိရှိရသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခက်အခဲရှိနေကြောင်းသိရသည်။
“မြေစျေးတွေကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒေသက်ပေါက်စျေးထက်သိပ်ပြီး ပေးဝယ်တာတော့မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ အချင်းချင်း အရောင်းအဝယ်ဖြစ်တာ မို့လို့ပါ။ ကျွန်တော်သုံးသပ်တာက နောက်ပိုင်းအရောင်းအဝယ် မလုပ်ကြတာဟာ SEZ နဲ့ပါတ်သက်လို့ အကောင်အထည်ဖော်လာဖို့ အချိန်ကာလကိုလည်း မသိကြတော့ အဲဒီမြေတွေမှာငွေကြေး မြုပ်နှံထားဖို့ကလည်း မဖြစ်နိုင်ဘူး။ မြေဝယ်ထားတဲ့သူတွေကလည်း အရင်းအနှီးတွေ နစ်မြုပ်နေတော့ ဘယ်အချိန်ပေါ်လာမလဲ၊ ဘယ်လိုပြန်ရောင်းရမလဲ ဆိုတာကို မသိတော့ အခက်အခဲဖြစ်နေကြပါတယ်”ဟု သူကဆိုသည်။
အဆိုပါကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ယခင်အစိုးရနှင့် တရုတ်အစိုးရတို့ နှစ်နိုင်ငံ စီးပွားရေးဇုန် အဖြစ်ပြုလုပ်ရန် သဘောတူခဲ့ကြသည့် စီမံကိန်းတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် တရုတ်အစိုးရက အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကိုသာ အဓိကထား ပြုလုပ်လာမည့် စီးပွားရေးဇုန်ဖြစ်လာနိုင်ကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြကြောင်းလည်း သိရသည်။







