ယင်းမီးပြတိုက်များကို မာန်အောင်ချောင်း အဝင်ဝ နေရာ နှစ်ခုတွင် မျက်နာချင်းဆိုင် တည်ဆောက် ထားကြောင်း သိရသည်။ ၎င်းမီးပြနှစ်ခုကို မြောက်ဦးမြို့ အခြေစိုက် ရွှေဓညထွန်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း ကုမ္ပဏီ Director တစ်ဦးဖြစ်သူ ဦးမောင်ရွှေနုက ပြောသည်။
“ ကျွန်တော်တို့ ဒီမီးပြ နှစ်ခုကို ၂၀၁၆ ဇန်နဝါရီ ၅ ရက်နေ့က စတင်တည်ဆောက်ပါတယ်။ မီးပြ တစ်ခုက အမြင့်ပေ ၄၀၊ နောက်တစ်ခုက ပေ ၃၀ အမြင့် ရှိပါတယ်။ မီးပြနှစ်ခုလုံးက ဖေဖော်ဝါရီလ အကုန်လောက်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်” ဟု သူက ပြောသည်။
မာန်အောင်မြို့နယ်သည် ကျွန််းမြို့ တစ်မြို့ ဖြစ်ပြီး ရေလမ်းကို အဓိက အားကိုးနေကြရသဖြင့် ယခု မီးပြတိုက်ငယ် နှစ်ခုသည် ဒေသခံ ပြည်သူများ ခရီးသွားလာရေးကို များစွာ အထောက်အကူ ပြုနိုင်ကြောင်း ဒေသခံရေလုပ်သား တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ တကယ်ပဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ဒေသမှာ မိုးရာသီနဲ့ နှင်းတွေ ထူထပ်စွာကျတဲ့ ဆောင်းရာသီတို့မှာ ဆိုရင် လမ်းမမြင်ရတဲ့ အတွက် စက်လှေတွေ၊ မော်တော်တွေကို ခန်မှန်းပြီးတော့ မောင်းရပါတယ်။ ကျောက်ကလည်းရှိ၊ ဒီရေကျပြီး ရေကလည်းတိမ်တဲ့ အချိန်ဆို ပိုဆိုးပါတယ်။ အန္တရာယ်ရှိပါတယ်။ အခုလိုလာရောက်ပြီး မီးပြတိုက် နှစ်ခု တည်ဆောက်ပေးတဲ့ အတွက် ရေကြောင်းကို အားကိုးနေကြရတဲ့ ဒေသခံ ပြည်သူတွေ အတွက် များစွာ အကျိုး ရှိစေပါတယ်။ အများကြီးကျေးဇူးတင် ၀မ်းမြောက်ပါတယ်” ဟု ပြောသည်။







