၎င်းတေးသီချင်းခွေတွင် လူငယ် အဆိုတော်များ ဖြစ်ကြသည့် ချစ်ဖွယ်ဦးနှင့် မောင်မောင် (အာရကန်)တို့က ပင်တိုင် တေးသံရှင်များ အဖြစ် သီဆိုထားပြီး စောအောင်မွန်၊ စောနှင်းနွယ်နှင့် ပန်းအိနွယ်တို့က အားဖြည့် ပါ၀င်သီဆိုထားသည်။ ၎င်းအခွေတွင် သီချင်း (၁၂) ပုဒ်ပါ၀င်သည်ဟု မောင်မောင် (အာရကန်)မှ နိရဥ္စရာသို့ ပြောဆိုသည်။
သီချင်းများကို တေးဆရာ ဦးသန်းမောင်၊ ချစ်ဖွယ်ဦး၊ မောင်မောင် (အာရကန်)၊ စောအောင်မွန်နှင့် မင်းမင်းထွန်းတို့ က ရေးသားပြီး ကိုအောင်ဝင်း (3 Brother Studio) တွင် အသံသွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
“ သီချင်းတွေကတော့ သင်္ကြန်အတွက် ထုတ်တာဆိုတော့ မြူးမြူးကြွကြွ ရခိုင်သံစဉ် တေးသီချင်းတွေများပါတယ်။ Pop ပေါ့ပ်၊ Rock ရော့ခ်ရော၊ မိုနိုရော အားလုံးပါ၀င်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။
“ အဓိက ရည်ရွယ်တာကတော့ သင်္ကြန်သီချင်းဆိုပေမယ့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အတွက် ရန်ပုံငွေ စုဆောင်းလိုတဲ့ အတွက် ထုတ်ဖြစ်တာပါ။ ဒီအခွေကို ရောင်းလို့ရတဲ့ အမြတ်ငွေတွေအကုန်လုံးကို ဘုန်းကြီးကျောင်း တည်ဆောက်ရေးမှာ ထည့်ဝင်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခွေကို ထုတ်တာ ဖြစ်ပါတယ်။ သီချင်းခွေကို ဖြန့်တဲ့နေ့မှာဘဲ ဘုန်းကြီးကျောင်းအတွက် အလှူငွေတွေကိုပါ စုဆောင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ကိုမောင်မောင်က ပြောဆိုသည်။
ဘုန်းကြီးကျောင်းဆောက်လုပ်ရေးအတွက် ရည်ရွယ်ပြီး သီချင်းခွေ ထုတ်ရသည့် အကြောင်းအရင်းကိုလည်း ကိုမောင်မောင်က ယခုလို ပြောဆိုသည်။
“ အခုအခါပေါ့နော်။ ရခိုင် ရဟန်းတော်တွေအထဲက ဒေါက်တာ အဆင့် ဖြစ်သွားရင် ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို မလာဘဲ ရန်ကုန်မှာဘဲ သီတင်းသုံးပြီး စာချ ပုဂ္ဂိုလ် လုပ်သွားတဲ့ ရဟန်းတော်တွေများ နေပါတယ်။ အခု ဆရာတော် ဦးဥတ္တမသီရိက အိန္ဒိယနိုင်ငံမှာ MA ဘွဲ့အပြင် MPhil ရရှိတဲ့ အပြင် ပြည်တွင်းမှာလည်း သာသန ဓဇဓမ္မာစရိယ၊ ဂဏဝါစကပရိယတ္တိ ဓမ္မာစရိယ၊ သာသနင်္ကုရပရိယတ္တိ ဓမ္မာစရိယ၊ အဝေရာ ရာမဝံသ လင်္ကာရ ဓမ္မာစရိယရရှိထားပါတယ်။ အခု ရခိုင်ပြည်နယ် စစ်တွေမြို့ ကို လာရောက်ပြီး သီတင်းသုံးမှာ ဖြစ်တဲ့ အတွက် ဆရာတော်ကို ကြည်ညိုလေးစားပြီး ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရေးအတွက် တတပ်တအား ပါ၀င်နိုင်အောင် ခုလို စီစဉ်ရတာပါ” ဟု မောင်မောင် (အာရကန်) ကဆိုသည်။
မောင်မောင် (အာရကန်)သည် စင်္ကာပူနိုင်ငံတွင် ၅ နှစ်ခန့် နေထိုင်ခဲ့ပြီး လွန်ခဲ့သောနှစ်က မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာပြီး လေးဝတီ တီဝိုင်းတွင် ပါ၀င်သီဆို တီးခတ်နေသူ တစ်ဦးဖြစ်သည်။ ယခင် စစ်တွေမြို့ရှိ Music Crazy တွင် နှစ်ပေါင်းများစွာ ပါ၀င် တီးခတ်သီဆိုခဲ့သူ ဖြစ်ကြောင်း သိရသည်။







