ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် စို့ပြင်ချောင်း ကြိုးတံတားဖွင့်

ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် စို့ပြင်ချောင်း ကြိုးတံတားဖွင့်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ စေတီပြင်တိုက်နယ် စို့ပြင်ချောင်း ကြိုးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က ကြိုးတံတား မုဒ်ဦးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားသို့ ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အရိယာဝံသ အမှူးပြုသော သံဃာတော်များ၊ စေတီပြင် ဆရာတော်နှင့် ဒေသရဟန်း သံဃာတော်များ၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်စန်ရွှေနှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ဦးဆောင်သော အစိုးရအဖွဲ့ဝင် လူကြီးများ၊ ရသေ့တောင်မြို့နယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် အပါအဝင် တိုက်နယ်သူတိုက်နယ်သားများ စုံစုံညီညီ တက်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းတံတားဖွင့်ပွဲတွင် အလိုတော်ပြည့် ဆရာတော်ကြီး ဒေါက်တာ အရိယာဝံသက အမှာစကား ပြောကြားရာတွင် မိမိတို့ အနေဖြင့် မေယူကမ်းဒေသတွင် နေထိုင်ကြသော ရခိုင်လူမျိုးများအတွက် ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများ အတွက် ဆက်သွယ်သွားလာမှု လွယ်ကူစေခြင်း အကျိုးငှာ ယခုလို တံတား တည်ဆောက်ပြီး ဒေသ တစ်ခုလုံး အကျိုးစီးပွား အတွက် ပြုလုပ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဘုန်းကြီးတို့ ရခိုင်ပြည်နယ် ဒေသမှာ ဖွံ့ဖြိုးမှု အဘက်ဘက်မှ နောက်ကျနေသည်ကို အမျိုးသားရေး စိတ်ဓာတ် အပြည့်အဝဖြင့် အတတ်နိုင် ဆုံး ပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ရှေ့ကိုလည်း ရခိုင်အမျိုးသား ရဟန်းတော် တစ်ပါး အနေဖြင့် မိမိမွေးရာဇာတိ ရခိုင်ပြည်နယ်ကို ကျေးဇူးဆပ်သည့် အနေဖြင့် တိုးတက်အောင်မြင်မှု ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယခု ကြိုးတံတားမှာ စေတီပြင်ရွာနှင့် မော်ထက်ရွာတို့ အကြား စို့ပြင်ချောင်းကို ဖြတ်ထိုးသော တံတားဖြစ်ပြီး ယင်းတံတားကြောင့် ဒေသ တစ်ဝှိုက်ရှိ ကျောက်ရန်၊ သိမ်တောင်၊ ဖက်လိပ် စသည့် ကျေးရွာများမှ ပြည်သူများ အနေဖြင့် အလွယ်တကူ သွားလာနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

တံတားမှာ အ ကျယ် ၅ပေ ရှိပြီး အလျား ပေ ၂၀၀ ခန့်ရှိသည်။ ၎င်းတံတားအား ဒေသခံပြည်သူများမှ သိန်း ၂၀၀ ခန့် မတည်ပြီး ဆွီဇာလန်နိုင်ငံမှ အလှူရှင် မစ္စတာ တိုနီက လိုအပ်သော တံတား ကိုယ်ထည်များကို လှူဒါန်းခဲ့သည်ဟု သိရသည်။ မစ္စတာတိုနီသည် ယခုလို ကြိုးတံတားမျိုး မြန်မာတစ်နိုင်ငံတွင် အစင်း ၉၀ နှင့် ရခိုင်ပြည်နယ်တွင် ၄ စင်း လှူထားပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...