မြန်မာသတင်းပညာသိပ္ပံ (MJI) က အသင်းဝင်သစ်များ ဖိတ်ခေါ်နေ

မြန်မာသတင်းပညာသိပ္ပံ (MJI) က အသင်းဝင်သစ်များ ဖိတ်ခေါ်နေ
by -
မဇ္ဈိမ
မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute) က အသင်းဝင်သစ်များအား အောက်တိုဘာ ၄ ရက်နေ့က ဆရာစံလမ်းထောင့်ရှိ ဆရာစံပလာဇာ၊ CB ခန်းမ၌ ဖိတ်ခေါ်ပွဲ ကျင်းပခဲ့သည်။

“MJI မှာ အသင်းဝင်ပြီးလို့ မန်ဘာ ဖြစ်လာပြီဆိုရင် အသင်းရဲ့ကိစ္စတွေမှာ ပြောနိုင်၊ ဆိုနိုင်၊ မဲပေးနိုင် မယ်။ MJI နဲ့ချိတ်ဆက်ပြီး တခြားအခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ တစ်နှစ်စာ ဝင်ကြေး ၅ သောင်းပါ”ဟု MJI ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသီဟစောက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သတင်းပညာရပ်ဆိုင်ရာ အချိန်ပြည့်ဒီပလိုမာ၊ အချိန်ပိုင်းဒီပလိုမာ၊ ရက်တို သင်တန်း၊ ဆရာဖြစ်သင်တန်းတို့ကို နိုင်ငံတကာအဆင့်မှီ သင်ရိုးညွှန်တမ်းများရေးဆွဲပြီး ပြည်တွင်း ပြည်ပ ဆရာများဖြင့် သင်ကြားပေးနေပြီး၊ သတင်းမီဒီယာအဖွဲ့အစည်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်လည်း ဘုံအကျိုးရလာဒ်များ ရရှိနိုင်စေရန် MJI က ရည်ရွယ်သည်ဟု ဆိုသည်။

ဦးသီဟစောက “MJI မှာက ပညာအရည်အချင်းသတ်မှတ်ထားတာမရှိဘူး။ ရန်ကုန်ဖြစ်ဖြစ် နယ်က ဖြစ်ဖြစ် သတင်းအတွေ့အကြံု ၂ နှစ်ရှိရင် ရတယ်။ သတင်းသမားဖြစ်နိုင်လောက်တဲ့ သူဆိုရင် ရွေးချယ်ရေးအဖွဲ့က လက်ခံပြီး နေစရိတ်၊ စားစရိတ်ငြိမ်း စကောလားရှစ်ပေးပါတယ်။”ဟု ရှင်းပြသည်။

ပုဂ္ဂလိက ပုံနှိပ်မီဒီယာ၊ ပုဂ္ဂလိက ရေဒီယို အသံလွှင့်ဌာနများ၊ ပုဂ္ဂလိက ရုပ်သံလွှင့် ဌာနများ၊ နိုင်ငံတော်ပိုင် / ပြည်သူပိုင် ရုပ်သံလွှင့်ဌာနများ၊ နိုင်ငံတော်ပိုင် / ပြည်သူပိုင် ပုံနှိပ်မီဒီယာများ၊ ပြည်တွင်းသတင်းအေဂျင်စီများ၊ လူမှုအဖွဲ့အစည်းမီဒီယာ၊ အွန်လိုင်းမီဒီယာ၊ မီဒီယာနှင့် ဆက်နွယ် သောအသင်းအဖွဲ့ /သမဂ္ဂများအနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်သည်။

ဘုတ်အဖွဲ့ဝင် ဦးမြင့်ကျော်က “သတင်းတိုက်တစ်ခု (သို့) သတင်း အေဂျင်စီတစ်ခုက အသင်းဝင် ထားရင် အဲ့ဒီမှာတာဝန်ထမ်းနေတဲ့ သတင်းထောက်က တစ်ဦးချင်း သီးသန့် ဝင်စရာမလိုတော့ဘူး။ သင်တန်းတစ်ခုတက်မယ်ဆိုရင် အဲ့ဒီသတင်းဌာနက ဘယ်သူမဆို တက်ခွင့်ရှိပါတယ်”ဟု ပြောသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) ကို ၂၀၁၄ ခုနှစ် ဇူလိုင်လက မြန်မာစာနယ်ဇင်းပညာရပ်နယ်ပယ်တွင် မီဒီယာများ ပိုမိုဖွံ့ဖြိုးထွန်းကားလာရေးနှင့် သတင်းစာဆရာများအား နိုင်ငံတကာစံချိန်မှီ သက်မွေး ပညာရပ်အဖြစ် မွမ်းမံသင်တန်းပေးရန် စတင်တည်ထောင်ခဲ့သည်။

MJI ၏ မိတ်ဖက်အဖွဲ့အစည်းများမှာ ပြင်သစ်သံရုံး၊ Canal France International၊ UNESCO၊ Forever Group ၊ DW Akademie ၊ Fojo Media Institute၊ International Media Support တို့ဖြစ်ပြီး ပြည်တွင်းသတင်းအဖွဲ့အစည်းများ၊ မီဒီယာကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...