စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ရန် JFM တိုက်တွန်း

စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ရန် JFM တိုက်တွန်း

အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနှင့် ဩစတြေးလျတို့အနေဖြင့် စစ်အုပ်စုအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ မှုများ တိုးချဲ့လုပ်ဆောင်ရန်နှင့် စစ်အုပ်စု၏ အမည်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်များကို ပိတ်ပင်ရန် Justice for Myanmar (JFM)က မေ ၆ ရက်က တိုက်တွန်းသည်။

အာဏာသိမ်း စစ်အုပ်စုနှင့် လော်ဘီလုပ်ပေးနေသည့် DCI Group တို့ ဆက်လက်ပတ်သက်လုပ်ကိုင်နေမှုအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ရော်ဂျာစတုန်းနဲ့ ညှဉ်းပန်းနှိပ်စက်သူတွေအတွက် လော်ဘီလုပ်ပေးနေတဲ့ DCI Group က တခြားအဖွဲ့သားတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့၊ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်အုပ်စုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိတ်ဆွေဟောင်းနှင့် ယခင်အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ရော်ဂျာစတုန်းကို ငှားရမ်းခဲ့ပြီး စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် DCI Group တို့အကြား ချုပ်ဆိုထားသော အမေရိကန်ဒေါ်လာ ၃ သန်းတန်စာချုပ်တွင် စတုန်းသည် အဆိုပါဝန်ကြီးဌာနအတွက် အကြံပေးအဖြစ် တာဝန်ယူလုပ်ကိုင်ရမည်ဖြစ်ကြောင်း JFM က ဖော်ပြသည်။

ယင်းကိစ္စအား ဧပြီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းများအရ သိရှိရခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်း၏ဝန်ဆောင်မှုများအတွက် ရော်ဂျာစတုန်းသည် တလလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

စစ်အုပ်စုနှင့် DCI Groupတို့အကြား စာချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး ယင်းနေ့တွင် စစ်အုပ်စုသည် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်ကောင်စီကို ဖျက်သိမ်းပြီး စစ်ကော်မရှင်အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း JFM က ဖော်ပြသည်။

နောက်နေ့တွင် DCI Group သည် FARA သို့ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ စာရင်းတင်သွင်းခဲ့ကြောင်း ဆိုသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် သိသာသည့် ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

“ အခုတော့ ရော်ဂျာစတုန်းဟာ ဒီနိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ စာချုပ်မှာ ပါဝင်လာခဲ့ပါပြီ။ ဒါဟာ စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားပြီး စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုနေတဲ့၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

DCI Group နှင့် စစ်အုပ်စုတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်လုပ်ငန်းနယ်ပယ်တွင် သဘာဝသယံဇာတ၊ ကုန်သွယ် ရေးနှင့် “လူသားချင်းစာနာထောက်ထားမှုအကူအညီ” တို့ကို ဦးတည်၍ အမေရိကန်နှင့် ဆက်ဆံရေးကို “ပြန်လည်တည်ဆောက်ရန်” ဖြစ်ကြောင်း၊ သို့သော် စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ရန်အတွက် မြန်မာပြည်သူများထံမှ သဘာဝသယံဇာတများကို အဓမ္မလုယူခေါင်းပုံဖြတ်နေပြီး၊ လူသားချင်းစာနာမှုအကူအညီများကိုလည်း လက်နက်သဖွယ် အသုံးပြုနေကြောင်း JFM ကဖော်ပြထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...