ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပါက သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မကို ဥပဒေဘောင်အတွင်းက ပြင်နိုင်မည်ဟု ယုံကြည်ထားသလို “ဒီပုဒ်မကို ချက်ချင်း ကျွန်မတို့ ပြည်သူလူထု လိုလားသလို ချက်ချင်းလက်ငင်း မပြင်နိုင်ရင်တောင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် ကျွန်မပဲဆက်ပြီး ပဲ့ကိုင်သွားမှာပဲဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ”ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူ့ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ရည်ညွှန်းကာ ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီး စဉ် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃ရက်၊ မွန်းလွဲပိုင်းက မိုးကောင်းမြို့တွင် ပြုလုပ်သည့် လူထုဟောပြောပွဲတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“သမ္မတဆိုတဲ့ရာထူး၊ နာမကို ခံယူထားမှ ဦးဆောင်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူက လက်ခံလို့ ရှိရင်လည်း ကျွန်မတို့ ဦးဆောင် သွားလို့ရပါတယ်။ အဲ့ဒါတွေအတွက် မပူပါနဲ့၊ ကျွန်မတို့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ကြိုပြီး စဉ်းစားထားပြီးသား ကိစ္စဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အခြေခံဥပဒေပါ ပုဒ်မ၅၉(စ)သည် နိုင်ငံခြားသားခင်ပွန်းနှင့် သားနှစ်ယောက်ရှိသော သူမကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားခြင်း ဖြစ်သော် လည်း ယင်းကန့်သတ်ချက်အား ကြိုတင်ပြင်ဆင်ထားမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မအား ပြင်ဆင်မည်ဆိုပါက လွှတ်တော်အမတ် ရ၅ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
NLD ပါတီ အနိုင်ရပါက ပြည်သူများအား လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးပေးမည်ဖြစ်သည်ဟုလည်း မိုးကောင်းမြို့ရှိ ဒေသခံများ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။
အောက်တိုဘာ ၃ရက် နံနက်ပိုင်းကတည်းက မြစ်ကြီးနားမြို့နှင့် မိုင်တစ်ရာ တိတိဝေးသော မိုးညှင်းမြို့ သို့ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် လမ်းခုလတ်ရှိ နမ္မတီး၊ မိုးကောင်းနှင့် ဟိုပင်မြို့ တို့တွင် ဒေသခံများအား ဟောပြော ခဲ့သည်။
ယမန်နေ့က မြစ်ကြီးနားမြို့ ဟောပြောပွဲတွင် သတ်မှတ်ထားသော မနောကွင်းကို အာဏာပိုင်များက သုံးစွဲခွင့်မပြုခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဝေဖန်သည်။ “ဒီနိုင်ငံမှာ လွတ်လပ်မှု မရှိဘူးဆိုတာ ဒါဟာ သက်သေပဲ”ဟု အသက်(၇၀)ကျော်အရွယ် ဝါရင့် အတိုက်အခံခေါင်းဆောင်က ဆိုသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ည ၆နာရီ၊ ၃၅မိနစ်တွင် မိုးညှင်းမြို့သို့ ရောက်ရှိလာကာ မိုးညှင်းဟိုတယ်တွင် တည်းခိုနေပြီး အောက်တိုဘာ ၄ရက် နံနက်(၈)နာရီတွင်မူ မိုးညှင်းမြို့ရှိ လျောင်းတော်မူဘုရား(ဒေသအခေါ်=ပြဇာတ်ရုံ)အနီးတွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။







