မိုးကုတ်မြို့ရှိ ကျားခေါင်းပါတီ (SNLD) မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခံရ ကော်မရှင်က ရဲစခန်းသို့လွှဲ

မိုးကုတ်မြို့ရှိ ကျားခေါင်းပါတီ (SNLD) မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခံရ ကော်မရှင်က ရဲစခန်းသို့လွှဲ
by -
မဇ္ဈိမ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ၏ မဲဆွယ် ဆိုင်းဘုတ်တစ်ခု အောက်တိုဘာ ၁ ရက်နေ့က ဖျက်စီးခံခဲ့ရသည်ဟု ကျားခေါင်းပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမျိုးဇင်က မဇ္စျိမသို့ ပြောသည်။

“ဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်နားက ပါတီဝင်တစ်ယောက်က အသံကြားလို့ထွက်ကြည့်တာ လူတစ်ယောက် ထွက်ပြေးသွားတာတွေ့တယ်။ မမိလိုက်ဘူး။ ကျွန်တော်တို့ ဓါတ်ပုံရိုက်ပြီး မြို့နယ် ကော်မရှင်ရုံးကို သွားတိုင်ပေမယ့် သူတို့နဲ့ မဆိုင်ဘူး။ ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်လို့ ရဲစခန်းကိုသာ သွားပါလို့ ပြောခဲ့တယ်။”ဟု ၎င်းက ပြောသည်။

ဖျက်စီးခံရသည့် ဆိုင်းဘုတ်မှာ မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက် နယ်မြေ (၁)၊ ဟိုမိုင်းလမ်းမကြီးပေါ်ရှိ ကော်မရှင်မှ ခွင့်ပြုထားသော ၁၀ ပေ၊ ၆ ပေ ဗီနိုင်းဖြစ်သည်။

ဗီနိုင်းဆိုင်းဘုတ်တွင် ပါတီတံဆိပ်နှင့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမျိုးဇင်၊ တိုင်းဒေသကြီး(၁) အမတ်လောင်း ဦးညိုလင်းထင်၊ တိုင်းဒေသကြီး(၂) အမတ်လောင်း ဦးစိုင်းထွန်းကြည်၊ တိုင်းရင်းသား ရေးရာအမတ်လောင်း ဒေါက်တာစိုင်းနော်ခေး တို့၏ ဓါတ်ပုံများ ရိုက်နှိပ်ထားသည်။

မိုးကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်ရာ တာဝန်ခံဖြေကြားမည့်သူ မရှိသေးဟုသာ ပြန်လည်ပြောကြားသည်။

ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ယင်းကိစ္စနှင့်ပတ်သက်၍ “ကျွန်တော့ ဆီကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားတယ်။ ရဲကို တိုင်ခိုင်းထားတယ်။ ဒါမျိုးက နေရာအနှံ့မှာ ဖြစ်နေတာ။ မနာလိုတဲ့သူတွေ လုပ်တာပေါ့။ တခြားပါတီတွေလည်း ဖြစ်နိုင်ပါတယ်။ မဲဆွယ်စည်းရုံးရေးမှာ ဘာမှထိခိုက်မှု မရှိပါဘူး။ ဗီနိုင်းဖိုးတော့ ရှုံးတာပေါ့။”ဟု ပြောကြားသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးထံ ဖျက်စီးခံရသည့် ဗီနိုင်းဆိုင်းဘုတ်ဓါတ်ပုံနှင့် တိုင်စာ ပေးခဲ့ပြီး ရဲစခန်းသို့ အမှုသွားဖွင့်ရာ တာဝန်ရှိသူလူကြီး လမ်းကြောင်းသွားနေ၍ ညနေပိုင်းမှ ပြန်လာခဲ့ ရန်ပြောကြောင်း ဦးမျိုးဇင်က မဇ္စျိမသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယခုဖျက်စီးခံရသော ဗီနိုင်းဆိုင်းဘုတ်မျိုး မိုးကုတ်မြို့ ဝန်းကျင်တွင် ၃၀ ခုကျော် စိုက်ထူထားပြီး၊ နောက်ထပ် ၄၀ ကျော် ထပ်မံစိုက်ထူရန် အစီအစဉ် ရှိသေးသည်ဟု သိရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...