ယင်းလုပ်ငန်းစဉ်အတွက် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များကလည်း ရောက်ရှိနေသည်။
“ကျွန်တော်တို့က လုပ်ငန်းပမာဏများတဲ့အတွက်ကြောင့်မို့ ဒီမှာ ခေါ်ရခြင်းဖြစ်ပါတယ်။ အားလုံပေါင်း သုံးသောင်းနဲ့ လေးထောင်လေးရာကျော်ရှိပါတယ်။ ဒါက မဲဆန္ဒရှင် နိုင်ငံ (၄၄)နိုင်ငံမှာ ရှိတဲ့ဦးရေပါ။ အဲ့ဒါကို ကျွန်တော်တို့ လွှတ်တော်သုံးရပ်ဆိုလို့ရှိရင် သုံးနှင့်မြှောက်သုံးနှင့်မြေက်ကြည့်ရင် တစ်သိန်း နီးပါး ဖြစ်သွားမယ်။ နောက်တစ်ခါ တိုင်းရင်းသားတွေ ပါလာရင်ထပ်ပြီးတော့ လုပ်ပေးရဦးဖြစ်ပါတယ်။ ပမာဏ တအားများပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ကော်မရှင်အဖွဲ့ခွဲများကို နေပြည်တော် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ခေါ်ယူရခြင်းသည် နိုင်ငံ ပြင်ပရောက် မြန်မာနိုင်ငံသားများ မဲဆန္ဒရှင် ကြိုတင်ဆန္ဒမဲလက်မှတ် များ ဆောင်ရွက်ရာတွင် လုပ်ငန်း ပမာဏများခြင်းကြောင့် အချိန်ကုန်သက်သာစေရန် အတွက် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးက ပြေသည်။
“ပုံမှန်အရဆိုရင် ကျွန်တော်တို့က မဲလက်မှတ်တွေကို မြို့နယ်ကို ပို့လိုက်ရုံပါပဲ။ ပြီးမှ မြို့နယ်တွေက လက်မှတ်တွေ ကျွန်တော်တို့စီ ပြန်ပို့ ကျွန်တော်တို့က ဟိုကို ပြန်ပို့ဆိုရင် အချိန်ကြာပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ကြိုတင်မဲဆန္ဒလက်မှတ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့အသီးအသီးမှ တာဝန်ရှိသူကများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်တွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ မြို့နယ်အလိုက် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်တုံး ရိုက်နှိပ်ခြင်းတို့ကို တာဝန်ခံ၍ ဆောင်ရွက်ကြမည်ဟု သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းပြီးစီးပါက အောက်တိုဘာ(၃)ရက်တွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် ကြိုတင်မဲဆန္ဒလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည် ဖြစ်သည်ဟု အဆိုပါ ကော်မရှင်ရုံး အရာရှိက ပြောသည်။







