အသက် ၉၀-၁၀၀ ကြားရှိ ဘိုးဘွားများကို အစိုးရက စီမံချက်ချ ထောက်ပံ့ရန် စီစဉ်နေ

အသက် ၉၀-၁၀၀ ကြားရှိ ဘိုးဘွားများကို အစိုးရက စီမံချက်ချ ထောက်ပံ့ရန် စီစဉ်နေ
by -
မဇ္ဈိမ
နိုင်ငံတွင်းရှိ အသက် ၉၀ နှင့် ၁၀၀ ကြား ဘိုးဘွားများကို စီမံချက်ချ ထောက်ပံ့ပေးရန် အစိုးရက ဘိုးဘွားများ စာရင်းကို ကောက်ခံလျက်ရှိရာ ယခုထိ သုံးသောင်းကျော် စာရင်းရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

“အသက် ၉၀ နှင့် ၁၀၀ နှစ်ကြား အဘိုးအဘွားများကို စာရင်းကောက်ယူလျက် ရှိပြီး ကျွန်မတို့ ဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပ့ံသွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု  အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က ပြောကြားသည်။

သက်ကြီးရွယ်အိုများ ရင်ဆိုင် ကြံုတွေ့နေရသည့် ဆဲရဲမှု၊ ကျန်းမာရေး မပြည့်စုံမှု၊ လူမှုအထီးကျန်မှုနှင့် လူမှု အခွင့်အရေးများကို လူ့ပတ်ဝန်းကျင် တစ်ခုလုံးက သိရှိကာ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင်လည်း ကျင်းပခဲ့သည်မှာ ၁၇ နှစ် ရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွားများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်၍ သမ္မတနှင့် ဝန်များကြီးများ၏ လစာငွေ ၂၅ ရာခိုင်းနှုန်း စုဆောင်းငွေမှ အဘိုး၊ အဘွားတစ်ဦးလျင် ကျပ်နှစ်သိန်း ထောက်ပံ့ပေးလျက် ရှိသည်။

မြန်မာနိုင်ငံသည် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ စီမံချက်တွင် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်း ကူညီဆောက်ရှောက်ရေးအဖွဲ့များကို ထောက်ပံ့ပေးခြင်း လုပ်ငန်းများ ပါရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမူကာကွယ် စောင့်ရှောက်ရေး ကနဦး စီမံချက်အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တွင် နေထိုင်သည့်  အသက် ရ၀ နှင့်   ၉၀ နှစ်ကြား အဘိုးအဘွားများကို အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီ ဆောက်ရှောက်ရေးအဖွဲ့ (Help Age International ) နှင့် ပူးပေါင်း၍ ထောက်ပံ့ပေးလျက် ရှိသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီဆောက်ရှောက် ရေးအဖွဲ့(Help Age International ) သည် သက်ကြီးရွယ်အိုများ၏ ရပိုင်ခွင့်များကို တင်ပြ တောင်းဆိုရာ၌ ကူညီကာ တွေ့ကြုံရသော ခွဲခြားဆက်ဆံမှုများကို ကူညီပေးလျက် ရှိသည် အဖွဲ့ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...