အဆိုပါကျေးရွာရှိ ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေဧက ၆၀၀ အား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၇ ခုနှစ်တွင် ရေတံခွန်တောင်ဂေါက်ကွင်း တည်ဆောက်ရန် အတွက် သီးနှံလျော်ကြေးသာပေးပြီး သိမ်းယူခဲ့ပြီး ဧက ၃၀၀သာ ဂေါက်ကွင်းအတွက် အသုံးပြုသည့် အတွက် ကျန် ၃၀၀ကို ထွန်ယက် စိုက်ပျိုးခွင့်ပြုရန် တောင်သူများက တောင်းဆိုခဲ့သည်။
စိုက်ပျိုးခွင့်ရရန် သမ္မတအပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဒေသခံများက ၂၀၁၁ခုနှစ်မှ စတင်ကာ အကြိမ်ကြိမ် စာတင်တောင်းဆိုသော်လည်း မထူးခြင်းသဖြင့် စက်တင်ဘာလ ၂၅ ရက်မှ စတင်ကာ ထွန်းတုံးတိုက်ပွဲ ဝင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၄ နာရီတွင် စည်ပင်သာယာရဲနှင့် စည်ပင်ဝန်ထမ်းက ထွန်တုံးတိုက်ပွဲဝင်နေသော ဒေသခံများ တည်ဆောက်ထား သည့် လယ်စောင့်တဲ အလုံး ၂၀၊ အလံတိုင်များ၊ ဆိုင်းပုဒ်များအား ဝင်ရောက်ဖျက်စီးရာမှ ပဋိပက္ခဖြစ်ခဲ့ခြင်း ဖြစ် သည်ဟု ထွန်တုံးတိုက်ပွဲဦးဆောင်သူ ဦးခင်ဦးက ဆိုသည်။
“အခုဟာက မြေသိမ်းရုံတင် မကတော့ဘူး။ လူပါသတ်ချင်နေကြပြီး။ အခုလို နိုင်ငံဝန်ထမ်းတွေက ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မှု မလုပ်ဘဲ အနိုင်ကျင့်တာကို လက်မခံဘူး။ ကျွန်တော်တို့ ဒီလုပ်ရပ်မှာ ပါဝင်သူတွေကို တရားစွဲပါမယ်”ဟု ဦးခင်ဦးက ပြောသည်။
လယ်သိမ်းခံရသော ရေကြည်ညောင်ပင်စံပြကျေးရွာမှ ဒေါ်သိန်းပေါကလည်း “အစ်မတို့က ကိုယ့်မြေကို ပြန်စိုက်ဖို့ယူတယ်။ ပိုင်ဆိုင်ထားတဲ့ အထောက်အထားတွေရှိတယ်။ ဂေါက်ကွင်း စီမံကိန်းလုပ်ထားတဲ့မြေကို ပြန်ယူနေတာ မဟုတ်ဘူး။ ဘာမှမလုပ်ပဲ ပိုနေတဲ့ ပလပ်မြေကို လုပ်တာပါ။ ဒါကိုသူတို့ မစွန့်လွှတ်တဲ့အပြင် ကိုယ်ထိလက်ရောက်တွေ လုပ်လာတယ်။ ကျွန်မတို့ကလည်း မကြောက်ဘူး။ ပြန်ပြီးခုခံမယ်။ တရားဥပဒေအတိုင်းရင်ဆိုင်မယ်”ဟု ပြောသည်။
စည်ပင်သာယာရေးကော်မတီဝင်-၂ ဦးခင်မောင်တင့်ကမူ “ဒီမြေက ကျွန်တော်တို့ဌာနပိုင်မြေပါ။ ဥပဒေအတိုင်းဆောင်ရွက်သွားမယ်။” ဟုပြောသည်။
ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် တာဝန်မှူး တပ်ကြပ် လှခိုင်က “ကျွန်တော်တို့ဆီမှာ ညကတည်းက အမှုလာဖွင့်ထားပါတယ်။ ဒါက အစိုးရနဲ့ ဖြစ်နေတာဆိုတာတော့ ပြောလို့မရပါဘူး။ ကျွန်တော်တို့ အနေနဲ့ အမှားပါသွားမှာစိုးရိမ်လို့ပါ။ အခုလိုပြောရတာကို နားလည်ပေးပါ”ဟု အောက်တိုဘာလ ၁ ရက်နေ့တွင် ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အထက်မြန်မာပြည် တောင်သူလယ်သမားသမဂ္ဂနှင့် တောင်သူ လယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ထွန်တုံးတိုက်ပွဲဝင်နေသောဒေသခံများသည် ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း ထွန်တုံးတိုက်ပွဲ ဆက်လက်ဝင်ရောက်နေပြီး လယ်စောင့်တဲများလည်း ပြန်လည်တည်ဆောက်ကာ အဆိုပါနေရာတွင် ဒေသခံ ၂၀၀ ကျော်တို့မှ အလှည့်ကျစောင့်၍ လုပ်ကိုင်သွားမည်ဖြစ်ပြီး စည်ပင်သာယာရေးကော်မတီမှ ထပ်မံဖျက်ဆီးပါက ပြန်လည်ခုခံသွားမည်ဟု ဒေသခံများက ပြောသည်။







