လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းတင်ပြသည့် သက်သေနှင့် အင်္ဂလန်မှုခင်းဆရာဝန် ထွက်ဆိုချက်တို့ ကွဲလွဲနေ

လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းတင်ပြသည့် သက်သေနှင့် အင်္ဂလန်မှုခင်းဆရာဝန် ထွက်ဆိုချက်တို့ ကွဲလွဲနေ
by -
မဇ္ဈိမ
လိပ်ကျွန်းအမှုတွင် တရားလိုအဖြစ် စွဲချက်တင်ထားသည့် ထိုင်းရဲတပ်ဖွဲ့၏သက်သေနှင့် အင်္ဂလန်မှုခင်း ဆရာဝန်၏ တရားခွင်ထွက်ဆိုချက်တို့ ကွဲလွဲနေသည်ဟု လိပ်ကျွန်းအမှုကို ကူညီဆောင်ရွက်နေသူ ရှေ့နေဦးအောင်မျိုးသန့်က စက်တင်ဘာ ၃၀ရက်တွင် မဇ္စျိမသို့ ပြောသည်။

သေဆုံးသူ အင်္ဂလန်နိုင်ငံမှ ဟန်နာ၏ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံတွင် ထပ်မံစစ်ဆေးရသည့် မှုခင်းဆရာဝန်ကယ်ရီက ၎င်းစစ်ဆေးတွေ့ရှိမှုကို  ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေ သည့် ဟန်ဒီဟောမှတဆင့် တရားရုံးတရားခွင်တွင် တယ်လီဖုန်းမှတဆင့် ထွက်ဆိုခဲ့ခြင်းဟု ဆိုသည်။

“ဟန်နာအင်္ဂါနဲ့ စအိုကြားမှာ မတရားကျင့်လို့ အနာဖြစ်တယ်လို့ ထိုင်းရဲက တင်ခဲ့တာ။ အမှန်အဲဒီနေရာ မှာ အနာ မရှိခဲ့ဘူးလို့၊ ကယ်ရီက ဖုန်းကတဆင့် ပြန်ဖြေခဲ့တယ်။ အဲဒီဟာကလည်း ကွဲလွဲမှုပဲ၊ ထိုင်းရဲက သေဒဏ် ချနိုင်တဲ့အမှုကို တင်ပြတဲ့ သက်သေက သေချာစိစစ်ထားတာ မဟုတ်ဘူး ဆိုတာကို ပေါ်လွင်တယ်”ဟု ဦးအောင်မျိုးသန့်က ပြောသည်။

ကော့စမွေခရိုင် တရားရုံးက ထိုင်းရဲဖက်မှ တင်ပြသည့်သက်သေများကို စက်တင်ဘာ ၁၉ရက်မှ ၂၄ရက်နေ့အထိ စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၀ရက် တရားခံဟုယူဆထားသူ ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့ကို ထပ်မံစစ်ဆေးမည်ဖြစ်သည်။

လိပ်ကျွန်းအမှုအတွက် မြန်မာနိုင်ငံဖက်က ဆောင်ရွက်သည့်အဖွဲ့က ကော့စမွေတရားရုံးသို့ သက်သေ ၃၁ ဦးထိ တင်ပြထားပြီး ထိုင်းရဲတပ်ဖွဲ့ဖက်က ၆၅ဦးနှင့် အခြားကျူးလွန်သည်ဟု ယူဆရသည့်နေရာမှ တွေ့ရှိရသည့် ပစ္စည်းသက်သေများကို တင်ပြထားသည်။  မြန်မာအဖွဲ့မှ တင်ပြထားသည့် သက်သေ ၃၁ဦးမှ ၁၄ဦးထိ စစ်ဆေးပြီးကာ၊ ထိုင်းဖက်မှ သက်သေ ၆၅ဦးမှ ၃၅ဦးကို စစ်ဆေးပြီးဖြစ်သည်။

လိပ်ကျွန်းအမှုမှ စွပ်စွဲခံရသူ မြန်မာနှစ်ဦးအရေးကို မြန်မာသံရုံး ၀န်ထမ်းအချို့နှင့် ရွှေ့ပြောင်းလုပ်သား အရေး ဆောင်ရွက်ပေးနေသည့် MAT Myanmar Association in Thailand အဖွဲ့ဝင်တို့ ပူးပေါင်းကာ ဆောင်ရွက်ပေးနေပြီး စတင်ဆောင်ရွက်ချိန်မှ လက်ရှိအချိန်ထိ အမှုကုန်ကျစားရိတ် ဘတ် ၂သန်းခန့် မှန်းကုန်ကျနေပြီဟု MAT အဖွဲ့ဝင် ဦးအောင်မျိုးသန့်မှ သိရသည်။

အမှု ကုန်ကျစားရိတ်များကို လွှတ်တော်မှလှူဒါန်းသည့် ဒေါ်လာ ၁၇၀၀၀ (သိန်း ၁၇၀)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ  ၅၀၀၀ တို့မှ သုံးစွဲခြင်းဖြစ်ပြီး၊ လိုအပ်သည့်ငွေကြေးတို့ကို သံရုံးနှင့် MAT အဖွဲ့မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူများက စိုက်ထုတ်သုံးစွဲသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်က အမှုရင်ဆိုင်ရာတွင် အသုံးပြုရန် လှူဒါန်းသည့် သိန်း ၃၀၀ ကို အမှုရင်ဆိုင်ရာသို့ သိန်း ၁၇၀ အသုံးပြုပြီး ကျန်ရှိသည်များကို ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့၏ မိဘများ သွားလာစရိတ်၊ ဆေးကုသ စရိတ်များတွင်သုံးစွဲသည်ဟု သံရုံးအဖွဲ့မှ သိရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...