ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ စစ်အုပ်စုတပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသဖြင့် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း စစ်ရေး သတင်းရင်း မြစ်များက ပြောသည်။
လေးမျက်နှာ၊ သာပေါင်းကလေးရွာနှင့် ငါးသိုင်းချောင်း အနောက်မြောက်ဘက်ရှိ အမတ (၃၄၄) တို့မှ စစ်အုပ်စု တပ်က အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
၎င်းက “အခုရက်ပိုင်း အပြင်းအထန်ထိုးနေတာကြောင့် နှစ်ဘက် တိုက်ပွဲကတော့ ပြင်းထန်တယ်။ နှစ်ဘက်စလုံး ကတော့ အင်အားဖြည့်တင်းထားတာမို့ AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်တဲ့ အခါတွေလည်း ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) ကလည်း တန်ပြန်ထိုးစစ်နှင့်အတူ လေးမျက်နှာဘက်တွင် စစ်အုပ်စုတပ်၏ ကာကင်း စခန်းငယ် ၃ ခုကို သိမ်းပိုက်ထားကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ မြေပြင်တိုက်ပွဲများတွင် နှစ်ဘက်အင်အား အလုံးအရင်းဖြင့် ထိုးစစ်၊ ခံစစ် စစ်ရှိန်မြင့်တက်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ကြသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “တိုက်ပွဲကတော့ နေ့တိုင်းရက်ဆက်ဖြစ်နေတဲ့ အနေအထား ဖြစ် တယ်။ ဆက်ပြီးလည်း ပြင်းပြင်းထန်ထန်ဖြစ်မယ် ထင်တယ်” ဟု ပြောဆိုသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ရခိုင်ပြည်အတွင်းရှိ AA ထိန်းချုပ်မြို့နယ်များကို ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ "၄၉၂၆" ဟု အမည်ပေးထားသည့် စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် ရခိုင်ပြည် အစပ်ဖြစ်သော ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းဘက်မှလည်း မြေပြင်ထိုး စစ်များကို တိုးမြှင့်လာနေသဖြင့် စစ်အုပ်စုတပ်နှင့် AA တို့ကြား တိုက်ပွဲများမှာ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလျက် ရှိသည်။







