စစ်သင်္ဘောနှင့် ရေယာဉ် ၇ စီး ဗန်းမော်သို့ ရောက်ရှိ

စစ်သင်္ဘောနှင့် ရေယာဉ် ၇ စီး ဗန်းမော်သို့ ရောက်ရှိ

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ် အုပ်စုမှ တိုက်ခိုက်ရေး သင်္ဘော ၂ စီးနှင့် ကုန်တင်သံခွန် ၅ စီး စုစုပေါင်း ရေယာဉ် ၇ စီးသည် ကချင်ပြည်၊ ဗန်းမော်မြို့သို့ ရောက်ရှိကာ ကမ်းကပ်ထားပြီဖြစ်ကြောင်း ဗန်းမော်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။

အဆိုပါ ရေယာဉ်များတွင် ကုန်ပစ္စည်းများနှင့် လောင်စာဆီများ သယ်ဆောင်လာသည့်အပြင် သံခွန်များပေါ်တွင် သဲအိတ်များဖြင့် ကာရံ၍ တပ်ဖွဲ့ဝင်အင်အားများကိုပါ တင်ဆောင်လာခြင်း ဖြစ်သည်။

ဗန်းမော်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဗန်းမော်ကို ကပ်ပြီနော် ၇ စီး။ တိုက်သင်္ဘော ၂ စီးနဲ့ ကုန်တွေ တင်တဲ့သင်္ဘော ၅ စီး၊ ၇ စီးရောက်သွားတယ်” ဟု ပြောသည်။

အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က “အခုသူတို့ mission မအောင်ရင် ဒီတစ်နှစ် ဗန်းမော်ကတပ်သားတွေ ဒုက္ခ အကြီးအကျယ်ရောက်မယ်။ အခုသင်္ဘောမှာ ဗန်းမော်က ဝန်ထမ်းတွေကို လူစားလဲဖို့ ဝန်ထမ်းမိသားစုတွေ လည်း ပါတယ်။ ခရိုင်မှူး မြို့နယ်မှူးတွေပါမယ်” ဟု ဆက် ပြောသည်။

ယခုနှစ် ဗန်းမော်သို့ ဆန်တက်လာသည့် ရေယာဉ်အရေအတွက်သည် ယမန်နှစ်က ရောက်ရှိခဲ့သည့် ရေယာဉ် ၁၃ စီးခန့်ထက် နည်းပါးသော်လည်း လက်ရှိ ရောက်ရှိလာသည့် ရေယာဉ်များတွင် လူအင်အားများ ပါဝင်လာသဖြင့် ဗန်းမော် စစ်မျက်နှာပြင် အခြေအနေအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ ရေယာဉ်အုပ်စုသည် ဩဂုတ်လ ၂၁ ရက်တွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး သပိတ် ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းကာ ဩဂုတ်လ ၂၈ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ ခြင်း ဖြစ်သည်။

ရေယာဉ်အုပ်စု ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေစဉ် လမ်းကြောင်းလုံခြုံရေးအတွက် ယာယီတပ်စွဲထားသည့် ဇင်းဘုံကျေးရွာအနီးရှိ စစ်အုပ်စုတပ် စခန်းကုန်းတစ်ခုကို KIA နှင့် KPDF ပူးပေါင်းတပ်များက ဩဂုတ်လ ၃၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းကုန်း သိမ်းပိုက်ခံရပြီးနောက် စစ်အုပ်စုတပ်က အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်း ၄ ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သဖြင့် ရွှေကူ - စင်းခန်း ကားလမ်းမနှင့် ဇင်းဘုံတောင်တန်း တစ်ကြောတွင် ထိတွေ့ တိုက် ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ ရေယာဉ်အုပ်စုအနက် ၇ စီးမှာ ဗန်းမော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်ရှိသည့် ရေယာဉ်များမှာ ရွှေကူဘက်တွင် ကျန်ရစ်နေသေးကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

လက်ရှိ ဗန်းမော်သို့ ရောက်ရှိလာသည့် ရေယာဉ်များတွင် လက်နက်၊ ရိက္ခာနှင့် လောင်စာဆီ မည်မျှပါဝင်လာ သည်ကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
မြန်မာနိုင်ငံ လူမှုကယ်ရေးအဖွဲ့ - မန္တလေး / ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်း
September 3, 2026
ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ပြင်းထန်နေချိန် ငါးသိုင်းချောင်း-အိုင်သပြု...
ပုံဟောင်း / ချောင်းဦးမြို့နယ်ထဲက ကျီးကုန်းရွာရှိ နေအိမ်များ မီးရှို့ခံရစဉ်
September 3, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုး...
၂၀၂၆ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် စစ်အုပ်စုတပ်သင်္ဘော ပစ်ခတ်ခံရပုံ / CJ
September 3, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု လုံခြုံရေးအတွက် ခြေကုပ်ယူထားသော ကချင်ပြည်...