ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့် အပြင် ရေကြောင်းမှပါ ပစ်ခတ်လာသဖြင့် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြသည်။
စက်တင်ဘာလ ၇ ရက်နေ့က ပင်လယ်ပြင်ရှိ စစ်သင်္ဘောများက သံတွဲကမ်းခြေတစ်ကြော သွားလာလှုပ်ရှားကာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပင်လယ်ထဲမှာလည်း ငါးဖမ်းဖို့ ဆင်းရင် စက်လှေတွေကို အနှောက်အယှက်ပေးတယ်။ လက်နက်ကြီးတွေနဲ့ ထု တယ်။ နောက်ပြီး လေကြောင်းတိုက်ခိုက်မှုကလည်း လူနေရပ်ကွက် တွေကို ဗုံးကြဲတယ်။ မနေ့ကလည်း ဗုံးကြဲ သွားတယ်။ လူတွေကလည်း ထိတ်လန့်နေကြတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့အပါအဝင် ကျောက်ကြီးနှင့် ငပလီကမ်းခြေတို့ကို စစ်အုပ်စု တပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထိုတိုက်ခိုက်မှုများကြောင့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာ ၅ ရွာခန့်မှ ဒေသခံများမှာ အသက်အန္တရာယ် စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အခြား သံတွဲဒေသခံတစ်ဦးကလည်း “တချို့ကလည်း ထိတ်လန့်ပြီးတော့ အခြားနေရာတွေကို ရှောင်ကြတာ ပေါ့။ ရွာသားတွေက အကုန်လုံး စစ်ဘေးရှောင်ကြတာတော့ မဟုတ်ဘူး။ တချို့အိမ်တွေ ရှောင်ကြတယ်။ ကမ်းခြေက လေးငါးရွာလောက်တော့ ရှောင်ကြတယ်။ အရင်တုန်းက လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျောက် ကြီးဘက်က ရွာတွေလည်း ရှောင်ကြတယ်” ဟု ပြောသည်။
လက်ရှိတွင် သံတွဲမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူများမှာ အရေးပေါ် အကူအညီများ လိုအပ်နေပြီး လတ် တလော၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က စားနပ်ရိက္ခာ အထောက်အပံ့များ ပေးထားသည်။
တစ်ဖက်တွင်လည်း ဒေသအတွင်း ဆက်လက်နေထိုင်နေကြသည့် သံတွဲဒေသခံများမှာ စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဘဲ စားဝတ်နေရေး အကျပ်အတည်းများ ကြုံတွေ့နေရသည်။
စစ်အုပ်စုတပ်သည် ရခိုင်တောင်ပိုင်း မြို့နယ်များကို ပြန်လည်ထိန်းချုပ်လိုသဖြင့် ကြည်း၊ ရေ၊ လေ အသုံးပြုကာ ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။
CDM ဗိုလ်ကြီးဇင်ယော်က “အဓိက ဂွဘက်၊ ရခိုင်တောင်ပိုင်းကို ဖြည်းဖြည်းချင်း တစ်မြို့ပြီး တစ်မြို့ ပြန်ပြီး တော့ လိုချင်တဲ့အနေအထားမျိုးပဲ။ ဒါကြောင့် အာရက္ခတပ်ကိုလည်း စစ်မျက်နှာ များလာအောင် စစ်တွေဘက် ကနေ fake attack (အတုအယာင် တိုက်ခိုက်မှု) ပုံစံမျိုးနဲ့ ရရင်လည်း ယူသွားမယ်။ ရသေ့တောင် နယ်ဘက်ကို တပြိုက်နက်တည်း တိုက်စစ်ဆင်လာတာ။ နှစ်ဘက်က တစ်ဘက် ဘယ်ဟာရမလဲပေါ့။ ရတဲ့နေရာကို ခြေကုတ် ယူဖို့အတွက် အပြင်းအထန် ကြိုးစားလာတဲ့ အနေအထားမျိုးပဲ” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့၌ စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက် ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်အုပ်စုတပ်သည် ရေကြောင်း၊ လေကြောင်းတို့ဖြင့် ရခိုင်တောင်ပိုင်း မြို့နယ်များကို ထိုးဖောက်နိုင်ရေး ကြိုး ပမ်းလာနေပြီး ရခိုင်ဒေသအတွင်း ထိုးစစ်များနှင့်အတူ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လာ သဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း တိုးပွားလျက်ရှိသည်။







